၂၃၊ အောက်တိုဘာလ၊ ၂၀၂၁။
မြန်မာစစ်အုပ်စုဟာ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးတာမျိုးကို စိတ်မ၀င်စားတာကြောင့် ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်ဆွဲတင်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အခွင့်အရေး နည်းပါးလာနေတယ်လို့လည်း ကုလ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရနာ ဘူဂနာက ကုလရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အခွင့်အရေးဟာ ပျောက်ဆုံးသွားပြီလို့လည်း သူကကောက်ချက်ချသလို နောက်ထပ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ လုပ်တာဟာ အထောက်အပံ့ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။
ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ‘စက်တင်ဘာလကလုပ်တဲ့ လူ့အခွင့်အရေး ကောင်စီညီ လာခံမှာရော ကုလစင်မြင့်ထက်မှာပါ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလတာဝန်ရှိသူတွေရဲ့ အမြင်ဟာ ပြတ်သားတယ်။ အမှန်အတိုင်း ရှုမြင်နိုင်တယ်။ ကုလရဲ့အမြင်တွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ရောက်မှုလည်းရှိ ပါတယ်။ဒါ့ပေမဲ့၊ပြဿနာက သူတို့ပြောသလောက် သက်ရောက်မှု မရှိတာပါပဲ’လို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းနဲ့ တခြားပြည်နယ်တချို့ကို နယ်မြေရှင်းလင်းရေးလုပ်နေပြီး ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အကြောင်းနိုင်ငံတစ်၀န်းမှာ အကြမ်းဖက်မှုအများအပြား ပေါ်ပေါက်နေတဲ့အကြောင်းလည်း သူကပြောပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်အုပ်စုကို လက်သင့်ခံတဲ့ပုံစံမျိုး မပြကြဖို့လည်းသူကတိုက်တွန်း သွားပါတယ်။
‘နိုင်ငံတကာအသိုင်းအဝန်းက အခုအာဏာသိမ်းတာ ၉လပြည့်တော့မယ့်အချိန်ထိ စစ်ကောင်စီကို အဖက်မလုပ်တာ ကျွန်တော်တို့အတွက် အရေးပါတဲ့ပံ့ပိုးမှုပါပဲ’လို့ နိုင်ငံရေးလေ့လာသုံးသပ်သူကဆိုပါတယ်။