ဘာစီလိုနာ နည်းပြရာထူးကို တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလို့ ကွင်းလယ်လူဟောင်း ဇာဗီပြော

၂၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်တဲ့ ဇာဗီက အခုအခါမှာ ဘာစီလိုနာအသင်း နည်းပြရာထူးအတွက် ကမ်းလှမ်းလာရင် ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အသိပေးပြောကြားလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူဟောင်း ဇာဗီကို အသင်းနည်းပြအဖြစ် ကမ်းလှမ်းခဲ့ဖူးပေမယ့် အဲဒီအချိန်က ဇာဗီက ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အယ်လ်ဆက်နည်းပြဇာ‌ဗီက ဘယ်အသင်းကို မဆို နည်းပြလုပ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူးလို့ ထုတ်ဖော် အသိပေးလိုက်တာပါ။

လက်ရှိမှာတော့ ကာတာကလပ် အယ်လ်ဆက်အသင်းအတွက် အာရုံအပြည့်အဝ စိုက်ထားပြီး ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းလာခဲ့ရင် ငြင်းဆန်ဖို့ ဆန္ဒမရှိဘူးလို့လည်း သူက ဆိုပါတယ်။

အယ်လ်ဆက်နည်းပြ ဇာဗီက “ဘာစီလိုနာအသင်း ကမ်းလှမ်းတဲ့အချိန်တုန်းက ကျွန်တော်မှာ နည်းပြအတွေ့အကြုံ ၃ လပဲရှိသေးတယ်။ အခုတော့ အားလုံးက ခြားနားသွားပြီ”လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါအပြင် နည်းပြအလုပ်အတွက် သင်ယူမှုတွေလည်း များပြားလာခဲ့တာကြောင့် အတွေ့အကြုံကောင်းတွေ အရင်ကထက် ပိုမိုများပြားလာခဲ့ပြီဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး အရင်က ဘာစီလိုနာနည်းပြရာထူးကို ငြင်းပယ်ခဲ့ရတဲ့ အခြေအနေကို ရှင်းပြခဲ့တာပါ။

ဇာဗီဟာ ကစားသမားဘဝ ကာတာကလပ် အယ်လ်ဆက်အသင်းမှာ နောက်ဆုံးကစားခဲ့သလို ၂၀၁၉ ခုနှစ်ကနေစပြီး အယ်လ်ဆက်အသင်းရဲ့ နည်းပြတစ်ယောက်အဖြစ် အခုထိ ဖြတ်သန်းနေခဲ့တာပါ။