၂၃ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။
ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးအတွင်းမှာ ဗုံးတစ်လုံးပေါက်ကွဲပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရဲ့ နေအိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ရက်နေ့ မနက် ၅နာရီ ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်းရဲ့ နေအိမ်ကို လူနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဗုံးပစ်သွင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
ပြည်သူတွေကို မီတာခတွေ အတင်းအကြပ်ကောက်ခံနေတဲ့ ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးကို စက်တင်ဘာလအတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဗုံးဖောက်ခွဲပြီး သတိပေးခဲ့ဖူးပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုဟာ မြို့ပေါ်မှာ ပိတ်ဆို့ရှာဖွေမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဘုရားဖူးယာဉ်တွေပါ ကြပ်မတ်ရှာဖွေခံနေရတယ်လို့ သိရပါတယ်။