၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။
လွတ်မြောက်ပြီး မကြာမီ ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁၀ရှိပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း(AAPP)က ထုတ်ပြန်လိုက်ပါတယ်။
အယောက် ၁၁၀ဆိုတဲ့စာရင်းဟာ AAPP ကကောက်ခံရရှိထားတဲ့စာရင်းဖြစ်ပြီး အမှန်တကယ်ပြန်အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ ဒါ့ထက်ပိုများနိုင်တယ်လို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတချို့ဟာ ထောင်ဗူးဝရောက်ပြီးမှ နောက်တိုးအမှုနဲ့ ထပ်အဖမ်းခံရသလို တချို့မှာ နေအိမ် ပြန်ရောက်ပြီး မိသားစုနဲ့ နာရီပိုင်းလောက်နေပြီးမှ ထပ်အဖမ်းခံရတာပါ။ဒါဟာ ကာယကံရှင် နိုင်ငံရေးအ ကျဉ်းသားကိုသာမက သူ့မိသားစုကိုပါ ပြင်းထန်တဲ့စိတ်ဒဏ်ရာရရှိစေတယ်လို့ AAPPရဲ့ ယမန်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
‘မိတ္ထီလာထောင်ကလွတ်လာပြီးပြန်အဖမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဆို ဗူးဝမှာ မိသားစုတွေကို လှမ်းမြင် ရရုံရှိသေးတယ်၊အချုပ်ကားပေါ်ရောက်သွားတာ’လို့ မန္တလေးတိုင်းထဲက ၂၀၂၀ရွေးကောက်ခံလွှတ်တော်အမတ် တစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံထားရသူတစ်ဦးရဲ့မျှော်လင့်ချက်ဟာ လွတ်မြောက်ခြင်းဖြစ်ပြီး လွတ်မြောက်ပြီးမှ ပြန်အဖမ်းခံရတာဟာ သူတို့ရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာဖြစ်တဲ့အကြောင်း ဒီလုပ်ရပ်ဟာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ နိုင်ငံ ရေးအကျဉ်းသားတစ်ဦးချင်းစီကိုသာမက သူတို့ရဲ့မိသားစုဝင်တွေနဲ့ ကလေးတွေကိုပါ ပစ်မှတ်ထားနှိပ်စက်ညှင်း ပန်းတာဖြစ်တဲ့အကြောင်း AAPP ကဆိုပါတယ်။
အဲဒီလို လူသားမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်တဲ့ စစ်အုပ်စုကို AAPPအနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
‘အခုလိုလွှတ်ပြီးတာနဲ့ ပြန်ဖမ်းတယ်ဆိုတာ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား၅၀၀၀ကျော်စလုံးကို အချိန်မ ရွေး ပြန်ဖမ်းမယ်လို့ ခြိမ်းခြောက်လိုက်တဲ့သဘောလည်း သက်ရောက်တယ်’လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါး ရှင်တစ်ဦးကပြောပါတယ်။
အောက်တိုဘာ၁၈ရက်နေ့ရက်စွဲနဲ့လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နောက်ကြောင်းပြန်ပြစ် ဒဏ်ဆိုတဲ့ နှောင်ကြိုးနဲ့ လွှတ်ပေးလိုက်ခြင်းဖြစ်တဲ့အတွက် စစ်မှန်တဲ့လွတ်မြောက်ခြင်းမဟုတ်ဘူးလို့လည်း AAPP ကဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကလည်း လွတ်ပြီးမကြာမီပြန်ဖမ်းတဲ့ကိစ္စကို အပြင်းအထန်ရှုတ်ချတယ်လို့ ဆိုပါ တယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေ ဆက်လက်ပြုလုပ်ပေးဖို့ AAPPအနေနဲ့ လေးနက်စွာတိုက်တွန်းတယ်လို့ထုတ်ပြန်ထားပါတယ်။