ဧရာဝတီတိုင်းသား တောဆင်ရိုင်းများထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး သူရဲကောင်း

သြဂုတ်လ (၁၇) ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုးပြီး ကျေးဇူးတင်လွှာ တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ် ။ ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ် ၊ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်မြင့်ထွန်း(ခ)ဦးထွန်းလေးကို တောရိုင်းဆင်များထိန်းသိမ်းကာကွယ်စောင့်
ရှောက်ရေးသူရဲကောင်းအဖြစ်ဂုဏ်ပြုချီးကျူးခဲ့တာ ပဲဖြစ်ပါတယ်။

ဦးကျော်မြင့်ထွန်း (ခ) ဦးထွန်းလေးက တောဆင်ရိုင်းများသတ်ဖြတ်ခံရမှုကနေ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ၊ ဆင်သတ်တရားခံတွေကို လိုက်လံဖမ်းဆီးရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်း တပ်ဖွဲ့တွေ နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ရင်း အခုလို အသိအမှတ်ပြုမှုကို ခံခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကြောင့် ၂၀၁၆ ခုနှစ်ထဲမှာ ဆင်သတ်တရားခံ (၂) ဦး နှင့် ဆင်သတ်ရာမှာ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့ပါတယ် ။

အဲဒီလိုပဲ ၂၀၁၇ ခုနှစ်ထဲမှာလည်း ဆင်သတ်ရာမှာ အသုံးပြုတဲ့ တူမီး (၄) လက်နှင့် လက်နက် ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ် ။အခုလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အသိအမှတ်ပြုခြင်းကို မခံရမှီကလည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့ ဂုဏ်ပြုဆု ၊ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WWF) နှင့် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေး မိတ်ဆွေများအသင်း ( FOW ) တို့ပူးပေါင်းပြီး ဆင်ထိန်းသိမ်းရေးသူရဲကောင်းဆု ကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်း ခံခဲ့ရပါတယ် ။

ဂေဟစနစ်များ မပျက်ယွင်းဘဲ သဘာဝပတ်ဝန်းကျင်တွေ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တောဆင်ရိုင်းတွေကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဧရာဝတီတိုင်းသား ဦးကျော်မြင့်ထွန်း (ခ) ဦးထွန်းလေး အကြောင်းကို Delta News Agency မှတင်ဆက်လိုက်ပါတယ် ။