၂ ၊ ဇွန်လ ၊ ၂၀၂၁ ။
အာဆီယံဥက္ကဌနဲ့ အတွင်းရေးမှုးတို့ မြန်မာနိုင်ငံကို ဒီတစ်ပတ်အတွင်းလာရောက်ဖို့ စီစဥ်နေတယ်လို့ သံတမန်သတင်းရင်းမြစ် လေးဦးရဲ့ ပြောကြားချက်ကို ကိုကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။
အဖွဲ့ဝင် ၁၀နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံဟာ ဖေဖော်ဝါရီ ၁ရက် မြန်မာစစ်အာဏာသိမ်းမှုကို ဘယ်လိုတန့်ပြန်မယ်ဆိုတာနဲ့ ပတ်သတ်ပြီး သဘောထားကွဲလွဲနေချိန်မှာပဲ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံခရီးစဥ်သတင်း ထွက်ပေါ်လာတာပါ။
၂၀၂၁ အာဆီယံဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဒုဝန်ကြီး Erywan Yusof နဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဘရူနိုင်းနိုင်ငံသား Lim Jock Hoi တို့ဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ အခုသီတင်းပတ်အတွင်းတွေ့ဆုံဖို့ စီစဥ်နေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဧပြီလက အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံညီလာခံမှာ ဘုံသဘောတူညီချက် ၅ချက်ထုတ်ပြန်ခဲ့ပေမယ့် တလကျော်ကြာတဲ့အထိ အကောင်အထည်မပေါ်လာသေးပါဘူး။
မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရေးကိစ္စ မထောက်ခံဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဆီယံက ကုလသမဂ္ဂကို သတိပေးခဲ့ပါသေးတယ်။
လာမယ့်သီတင်းပတ်မှာ ASEAN-China Summit ထိပ်သီးညီလာခံကို တရုတ်နိုင်ငံမှာကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Ref – Reuters