
“တခြားစပါးတွေလည်း တက်စေချင်တယ်။ ရက် ၉၀ က ဒီဘက်မှာ ၁၇ ၊ ၁၈ (သိန်း)လောက် ရတယ်။ ကွင်းအ လိုက်တော့ စျေးကွာတာပေ့ါ။ ၁၉ လောက် ရတဲ့သူ ရကြတယ်”
၁၂၊ ဧပြီ။
ဧရာဝတီတိုင်းအတွင်းမှာ နွေစပါးတွေ ပေါ်လာချိန် စပါးစျေးတွေ တဖြည်းဖြည်း ကျနေခဲ့ရာကနေ အခုအခါ စျေးအ နည်းငယ်ပြန်တက်လာတယ်လို့ စပါးဝယ်ရောင်းလုပ်နေသူတွေနဲ့ တောင်သူတွေက ပြောကြပါတယ်။
အရင်က တင်းတရာကို ကျပ် ၁၅ သိန်းဝန်းကျင်ရှိခဲ့တဲ့ အညာသားနဲ့ ရက် ၉၀ စပါးတို့ဟာ အခုအခါ ၁၈ သိန်းဝန်း ကျင်ထိ စျေးတက်လာခဲ့တာပါ။
“အသွယ်ထဲမှာ ဒီနှစ်မျိုးက စျေးတက်တယ်။ ကျန်တာတွေကတော့ စျေးကျတုန်းပဲ။ ဝယ်တဲ့သူလည်း ရှိတယ်။ အ သွယ်ထဲမှာဆို ဒီစပါးတွေက လူကြိုက်တာပေ့ါ။ ဆန်စျေးလည်း တက်တော့ စပါးစျေးပါလိုက်တာလို့ပြောလို့ရ တယ်” လို့ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ်မှ ဆန်စပါးအရောင်းအဝယ် လုပ်နေသူတဦးက ပြောပါတယ်။
တခြားနွေစပါးတွေကတော့ တင်းတရာကို ကျပ် ၁၂ သိန်းဝန်းကျင်ပဲ စျေးရှိနေတယ်လို့ သိရပါတယ်။ အဲဒီစပါး တွေဟာ နွေစပါးပေါ်ခါစမှာ တင်းတရာကို ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးရှိခဲ့ရာကနေ နွေစပါးလှိုင်လာချိန် တ ဖြေးဖြေး စျေးကျသွားခဲ့ကာ အခုအခါ စျေးအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။
“တခြားစပါးတွေလည်း တက်စေချင်တယ်။ ရက် ၉၀ က ဒီဘက်မှာ ၁၇ ၊ ၁၈ (သိန်း)လောက် ရတယ်။ ကွင်းအ လိုက်တော့ စျေးကွာတာပေ့ါ။ ၁၉ လောက် ရတဲ့သူ ရကြတယ်” လို့ ဘိုကလေးမြို့နယ်မှ လယ်သမားတဦးက ပြော ပါတယ်။
အခုလိုမျိုး အညာသားနဲ့ ရက် ၉၀ စပါးတွေဟာ စျေးတက်လာပေမယ့် ရောဂါကြောင့်ပျက်စီးတာ၊ စပါးအထွက် နည်းတာတို့ကြောင့် လယ်သမားတွေမှာ အမြတ်များများမရနိုင်ဘူးလို့ သူက ဆိုပါတယ်။
ဧရာဝတီတိုင်းရဲ့ ရေတက်စိုက်ကွင်းတွေဘက်မှာ အစိုက်များကြတဲ့ နွေစပါးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဈေးတွေဆက်တိုက် ကျလာပြီး သွင်းအားစုတွေ ဈေးဆက်တိုက် မြင့်တက်လာခဲ့တာကြောင့် အရှုံးနဲ့ ဆက်တိုက် ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
လယ်ယာလုပ်ငန်းအတွက် အဓိကသုံးကြရတဲ့ ဓါတ်မြေဩဇာတွေဟာ တအိတ်ကို ကျပ်တသိန်းကျော် စျေးရှိနေပြီး ထွန်ယက်၊ ရိတ်ခြွေခတွေ၊ ဒီဇယ်ဆီစျေးတွေနဲ့ အလုပ်သမားစရိတ်တွေဟာလည်း စျေးမြင့်တက်နေတာပါ။
ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။