
“လွှတ်တော်ကို အများစုကတော့ သိပ်စိတ်ဝင်စားပုံမရကြဘူး။ ခေတ်အဆက်ဆက် ဘယ်အစိုးရမှ ကောင်းကျိုးပေးခဲ့တယ်လိုမှ ထင်မထားတာ။ လယ်တွေမှာ အလုပ်သမားတွေရှားနေပြီ။ မြို့တက်ပြီး စက်ရုံတွေမှာ လုပ်နေကြတာ များပါတယ်။ ကျွဲ၊နွားတွေလည်း မရှိကြတော့ဘူး။ စက်နဲ့ပဲ အလုပ်လုပ်နေကြတယ်။ အခုဆီစျေး အကျပ်တွေ့တော့ စဉ်းစားကြည့်ပါတော့”
၁၂၊ ဧပြီ။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတ ရာထူးကို ရယူအပြီးမှာ သူ့စိတ်တိုင်းကျ ဧရာဝတီတိုင်းကို ဦးဆောင်မယ့် ဝန်ကြီးချုပ်နဲ့တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းတွေ ဒီရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်ထား ခံရမယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့တဲ့ ဦးတင်မောင်ဝင်းကို ကျော်ဖြတ်ပြီး ဦးအေးကျော်က ဝန်ကြီးချုပ် အသစ် ဖြစ်လာခဲ့ပါတယ်။သူဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ လက်အောက်မှာ တိုင်းအစိုးရအတွင်းရေးမှူး ( တိုင်းမင်းကြီး ) အဖြစ်တာဝန်ယူခဲ့သူ တဦးဖြစ်ပြီး အာဏာအလွဲသုံးစားမှု၊မြေယာတွေ အဓမ္မသိမ်းယူမှုနဲ့ နာမည်ပျက်တွေ ရှိခဲ့သလို နောက်ဆုံးမှာ စစ်ဆေးခံခဲ့ရပြီး တာဝန်ကနေ အနားပေးခံခဲ့ရသူ တဦးဖြစ်ပါတယ်။ သမ္မတ ဦးမင်းအောင်လှိုင်ကတော့ အခုလို နာမည်ပျက်ရှိသူတဦးကို သဘောတွေ့ပြီး ဝန်ကြီးချုပ်ရာထူး ပေးခဲ့ပြန်ပါတယ်။
“၂၀၀၈ အောက်ကပဲ လာတဲ့သူတွေမို့ ဘာမှ မထူးဘူးလေ” မြောင်းမြဇာတိဖြစ်တဲ့ စခန့်သူလိုင်က မှတ်ချက်ပေးပါတယ်။လက်ရှိမှာ ဧရာဝတီကလူတွေ ခံစားနေရတဲ့ စစ်မှုထမ်းကိစ္စတွေကို တိုင်းအစိုးရအဖွဲ့တွေ ၊ အသစ်ခန့်လိုက်တဲ့ ဝန်ကြီးတွေ အထူးသဖြင့် သူတို့ကရင်လူမျိုးတွေကို ကိုယ်စားပြုတယ်ဆိုတဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး အစသဖြင့် ဒီလူတွေက တင်ပြရဲမှာ ၊ ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စခန့်သူလိုင်က မှတ်ချက်ပေးပါတယ်။
“အခုက ပိုပြီးတော့မှ စစ်တပ်က သူ့ရဲ့ အာဏာတည်မြဲရေး ၊ အာဏာကွင်းဆက် တည်ဆောက်ရေးကို ပိုလုပ်မှာဖြစ်တော့ ဒီအခြေအနေတွေက ရုပ်ပြသက်သက်ပဲ ထွက်လာတာပဲ”လို့ စခန့်သူလိုင်က ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ငါးနှစ်အချိန်ယူပြီး စိတ်တိုင်းကျ စီစဉ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ သမ္မတထိုင်ခုံပေါ် တက်ထိုင်တဲ့အချိန်ဟာ တိုင်းပြည်ကလည်း ဘက်ပေါင်းစုံ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။အရှေ့အလယ်ပိုင်း ပြသနာမတိုင်ခင်ကတည်းက ဆီဈေးအပါအဝင် အထွေထွေကုန်ဈေးနှူန်းတွေက တက်နေခဲ့ပြီး လူထုအကျပ်အတည်း မြင့်တက်နေခဲ့တာလို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရေကြည်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမျိုးသက်ဦးက သုံးသပ်ပါတယ်။
“စီမံခန့်ခွဲမှု အလွဲတွေနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ပဲ သိတဲ့လူတွေ ဖြစ်တဲ့အတွက် ထင်ရာမြင်ရာတွေ ဆက်လုပ်ဦးမှာပဲ”လို့ ပြောပါတယ်။
ဒေသခံအများစုကတော့ စီးပွားရေးကျပ်တည်းနေကြပြီး လက်ရှိအချိန်မှာ အာဏာရှိသူတွေ ပြုသမျှ နုနေရတဲ့ အခြေအနေ ရှိနေပါတယ်။ ဂေါ်ရန်ဂျီကျွန်း အပန်းဖြေကမ်းခြေမှာ စားသောက်ဆိုင် ဖွင့်ထားသူ တဦးကတော့ ဘယ်သူပဲ တက်တက် တိုင်းပြည်အေးချမ်းသာယာပြီး အခွင့်အလန်းကောင်းဖို့ လိုတာပါပဲလို့ မဝံ့မရဲ သုံးသပ်ပါတယ်။
“နိုင်ငံရေး ကောင်းရင်တော့ စီးပွားရေး လုပ်လို့ကောင်းတာပေါ့နော်။ အခု ဆီဈေးက ကြီးတော့ စက်သုံးဆီအခက်အခဲ ရှိတော့ ပင်လယ်စာတွေ ဈေးကြီးတယ်၊ ရှားတယ်။ခုရက်ဆို ပင်လယ်စာတွေတောင် ရှာမရ ၊ စားသောက်ဆိုင်ဖွင့်တာလည်း မီးမရတော့ စက်တောင် မမောင်းနိုင်ဘူး”လို့ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
ဧရာဝတီတိုင်းမှာရှိတဲ့ လယ်သမား အများစုကလည်း ဒီအချိန်မှာ အခက်အခဲ ကြုံနေကြရပြီး စစ်ဗိုလ်ချုပ်တွေ သေနတ်မိုးပြီး စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ အစိုးရအဖွဲ့တွေ ၊ လွှတ်တော်ဆိုတာတွေကို စိတ်မဝင်စားကြဘူးလို့ ကန်ကြီးထောင့်က လယ်သမားတဦးက ရင်ဖွင့်ပါတယ်။
““လွှတ်တော်ကို အများစုကတော့ သိပ်စိတ်ဝင်စားပုံမရကြဘူး။ ခေတ်အဆက်ဆက် ဘယ်အစိုးရမှ ကောင်းကျိုးပေးခဲ့တယ်လိုမှ ထင်မထားတာ။ လယ်တွေမှာ အလုပ်သမားတွေရှားနေပြီ။ မြို့တက်ပြီး စက်ရုံတွေမှာ လုပ်နေကြတာ များပါတယ်။ ကျွဲ၊နွားတွေလည်း မရှိကြတော့ဘူး။ စက်နဲ့ပဲ အလုပ်လုပ်နေကြတယ်။ အခုဆီစျေး အကျပ်တွေ့တော့ စဉ်းစားကြည့်ပါတော့”လို့ သူက ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်မှာ ပါဝင်ခွင့် ရခဲ့တဲ့ People’s Pioneer Party(PPP) ကျိုက်လတ်မြို့နယ် -၂ ကိုယ်စားလှယ် ဦးဇော်ဝေထက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအပါအဝင် ကဏ္ဍအသီးသီး အကျပ်အတည်းတွေကို လွှတ်တော်အတွင်းကနေ နိုင်သလောက် ကူညီပေးသွားမယ်လို့ DNA ကိုပြောပါတယ်။
“ကျွန်တော်ကျွမ်းကျင်တဲ့ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ တရားဝင် နိုင်ငံရေးလမ်းကြောင်းအပေါ် ရောက်ရှိလာစေရေး၊ အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးကဏ္ဍများတွင် လူငယ်တွေရဲ့ပါဝင်မှုကို ပိုမိုမြှင့်တင်နိုင်ရေး ထို့အပြင် လူနည်းစုများနှင့်မတူကွဲပြားသူများရဲ့ အခွင့်အရေးများအတွက် ရပ်တည်ပေးနိုင်ရေး၊ ပညာရေးကဏ္ဍနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကိုလည်းကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိူစားမှာပါ”လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပါတီဟာ ရွေးကောက်ပွဲ အနိုင်ရပါတီ မဟုတ်တဲ့အတွက် ထင်သလောက် ခရီးပေါက်ဖို့ ခက်မယ်လို့တော့ ဝန်ခံပါတယ်။
ပုသိမ်မြို့ခံ တဦးကတော့ လက်ရှိ ဧရာဝတီတိုင်းရဲ့ နိုင်ငံရေး အခြေအနေအပေါ် “ခက်နေတာက အစိုးရတာဝန်ရှိသူတွေပါပဲ။ ခံမပြောနားမထောင် ထင်ရာမြင်ရာ လုပ်ခဲ့ကြတယ်။ ကိုယ်မြင်တာပြောရင် စိတ်ဆိုးစရာတွေ၊ ငြင်းစရာတွေဖြစ်လာတော့မယ်။ လူကြီးတော်တော်များများနဲ့ ရင်းနှီးခဲ့ပါတယ်။ ခက်တာက သူတို့သဘောနဲ့ သူတို့ဘာမှ မလုပ်ရဲခဲ့တာပါ”လို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းဟာ ရေလုပ်ငန်း၊ စိုက်ပျိုးရေးကို အဓိကအားထားရတဲ့ ဒေသဖြစ်ပေမဲ့ အခုလို စက်သုံးဆီ အကျပ်အတည်းနဲ့ အုပ်ချုပ်ရေးအပေါ် ယုံကြည်မှု ကျဆင်းနေမှုတွေကြောင့် ရေရှည်မှာ ပြည်သူတွေ တကယ်လိုချင်တဲ့ အပြောင်းအလဲတွေ မရှိသရွေ့ လွှတ်တော်သစ်နဲ့ အစိုးရသစ်အပေါ် ဝေဖန်မှုတွေက ဆက်ရှိနေဦးမှာပဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တချို့ ဒေသခံတွေကတော့ ဧရာဝတီတိုင်း လွှတ်တော်အပြောင်းအလဲ၊ လူကြီးပိုင်း အပြောင်းအလဲတွေကြားမှာ တတ်နိုင်သလောက် အပြောင်းအလဲအကောင်းတွေကို မျှော်လင့်နေကြဆဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြင်ခရိုင်ဒေသခံတဦးက “ပြင်ခရိုင်လပွတ္တာ လမ်းကောင်းဖို့ရယ်၊ ပြင်ခရိုင် ရွာထိ လျှပ်စီးမီးရဖို့ရယ်ကို မျှော်လင့်မိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း လွှတ်တော်ပေါ်လာတာထက် အထွေထွေအကျပ်အတည်းကိုသာ လူတွေက အာရုံရှိနေကြတယ်လို့ ဟင်္သာမြို့နယ်က တောင်သူ တဦးက ပြောပါတယ်။
အကျပ်အတည်းအမျိုးမျိုးအပေါ်မှာသာ စိတ်အာရုံရောက်နေရတဲ့အပေါ် ဟင်္သာသမြို့နယ်၊ တောင်သူတဦးကလည်း အခုလို ပြောပါတယ်။
““ဒီနှစ် လယ်စိုက်တောင်သူတွေ အများစု ၇၀ ရာခိုင်နှုန်းလောက် ပဲသီးနှံမှာ တွက်ချေမကိုက်ကြပါဘူး၊ ရာသီဥတုက နှစ်တိုင်းနဲ့မတူတော့။ စပါးကျတော့လည်း ဈေးက ငွေကြေးတန်ဖိုးနဲ့တွက်ရင် အရမ်းနည်းလွန်းတယ်”လို့ သူက ပြောပါတယ်။တဖက်မှာလည်း စပါးဈေးက ကျနေပေမယ့် ပြန်ဝယ်စားရမယ့် ဆန်က ဈေးတက်နေတယ်လို့ သူက ပြောပါတယ်။
“ လျှပ်စစ်မီး လင်းမည့်ဆဲဆဲ၊ လမ်းတွေ လုပ်မည့်ဆဲဆဲတွေတောင် အလုံးစုံဆုံးရှုံးပြီး ဟိုကြေးဒီကြေးတွေနဲ့ လည်ပင်းအညှစ်ခံနေရတဲ့ အခြေခံနင်းပြားပြည်သူ့ဘဝ အသံမြည်ရုံနဲ့တော့ ဘာမှမထူးတော့ဘူး ထင်ပါတယ်”လို့ သူက ငြီးတွားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းကို စွန့်ခွာခဲ့ရပြီး လွတ်မြောက်ရာ ဧရိယာကို ရောက်နေသူ ရေကြည်မြို့နယ်က ကိုလီယိုကတော့ “ သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေကြတာပဲလေ။ ကျွန်တော်တို့လည်း ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြဖို့ ရှိတာပေါ့”လို့ ပြတ်ပြတ်သားသား မှတ်ချက်ပေးပါတယ်။