
အခု အစ္စလာမ်မာဘတ်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ဆယ်စုနှစ်တခုကျော်အတွင်း အမေရိကန်နဲ့ အီရန်ကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံတာဖြစ်ပြီး ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း အဆင့်အမြင့်ဆုံး ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။
၁၂၊ ဧပြီ။
အီရန်နိုင်ငံနဲ့ ၂၁ နာရီကြာ ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် မရရှိခဲ့တာကြောင့် သူ့ရဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဟာ ပါကစ္စတန်ကနေ ပြန်တော့မယ်လို့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
ဒါကြောင့် အခုမှ သီတင်းပတ်နှစ်ပဲသာ ရှိသေးတဲ့ ကြေမွလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း စိုးရိမ်စရာ အခြေအနေ ဖြစ်သွားပါတယ်။
“သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရခဲ့တာပါပဲ။ ဒါဟာ အမေရိကန်ထက် အီရန်အတွက် ပိုပြီး သတင်းဆိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့ သဘောတူညီချက် မရဘဲ အမေရိကန်ကို ပြန်ရတော့မယ်။ ကျွန်တော်တို့ဘက်က လက်မခံနိုင်တဲ့ အကန့်အသတ်တွေကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ”လို့ ဗန့်စ်က ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဗန့်စ်က ထောက်ပြပြီး နျူကလီးယားလက်နက် မထုတ်လုပ်ရေး အပါအဝင် အမေရိကန်ရဲ့စည်းကမ်းချက်တွေကို အီရန်ဘက်က လက်မခံဖို့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မကြာခင်မှာပဲ ဗန့်စ်ဟာ အစ္စလာမ်မာဘတ်မှာရှိတဲ့ Air Force Two လေယာဉ်ပေါ်ကို တက်ရင်း လှေကားထိပ်ကနေ လက်ပြနှုတ်ဆက် ထွက်ခွာသွားပါတယ်။
“သူတို့ နျူကလီးယားလက်နက်ကို မကြိုးပမ်းဘူးဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်မျိုး ကျွန်တော်တို့ လိုချင်တာပါ။ ဒါ့အပြင် နျူကလီးယားလက်နက် အမြန်ဆုံး ရရှိစေနိုင်မယ့် နည်းလမ်းတွေကိုလည်း မရှာဖွေဖို့ လိုပါတယ်။ ဒါဟာ အမေရိကန်သမ္မတရဲ့ အဓိက ပန်းတိုင်ဖြစ်ပြီး ဒီဆွေးနွေးပွဲတွေကနေ ကျွန်တော်တို့ ရအောင်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အချက်လည်း ဖြစ်ပါတယ်” လို့ ဗန့်စ်က ပြောပါတယ်။
အီရန်အစိုးရနဲ့ ဆက်နွယ်နေတဲ့ Tasnim သတင်းဌာနကတော့ အမေရိကန်ရဲ့ လွန်ကဲတဲ့တောင်းဆိုမှုတွေကြောင့် သဘောတူညီချက် မရတာလို့ဆိုပြီး ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပြီလို့ ဖော်ပြပါတယ်။ ဗန့်စ် မပြောခင်တုန်းကတော့ အီရန်အစိုးရက X လူမှုကွန်ရက်ပေါ်မှာ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမှာဖြစ်ပြီး နှစ်ဘက် ကျွမ်းကျင်သူတွေက စာရွက်စာတမ်းတွေ ဖလှယ်ကြလိမ့်မယ်လို့ ရေးသားခဲ့ပါသေးတယ်။
အခု အစ္စလာမ်မာဘတ်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ဆယ်စုနှစ်တခုကျော်အတွင်း အမေရိကန်နဲ့ အီရန်ကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံတာဖြစ်ပြီး ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း အဆင့်အမြင့်ဆုံး ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။
ဗန့်စ်ဟာ သူ့ရဲ့ ခဏတာ သတင်းစာရှင်းလင်းပွဲမှာ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ပတ်သက်လို့ ဘာမှ ထည့်မပြောသွားပါဘူး။ ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းရာ ဒီရေလက်ကြားကို စစ်ပွဲစကတည်းက အီရန်က ပိတ်ထားခဲ့တာပါ။ အဆိုပါ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေ အဆမတန် တက်ခဲ့ရသလို လူပေါင်း ထောင်ချီလည်း သေဆုံးခဲ့ပါတယ်။
ဗန့်စ်ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျရတ်ကုရှ်နာတို့ ပါဝင်ပါတယ်။ဆွေးနွေးပွဲအတွင်း ထရမ့်နဲ့ ခြောက်ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ စကားပြောခဲ့တယ်လို့ ဗန့်စ်က ဆိုပါတယ်။ အီရန်အဖွဲ့မှာတော့လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီတို့ ပါဝင်ပါတယ်။
အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ ကွယ်လွန်သွားတဲ့ အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီနဲ့ စစ်ပွဲအတွင်း သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် ဝတ်စုံတွေ ဝတ်ဆင်ပြီး သောကြာနေ့မှာ ရောက်လာခဲ့ပါတယ်။
စစ်ဘက်ဝင်းတခု ဘေးက စာသင်ကျောင်းကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်တုန်းက သေဆုံးသွားတဲ့ ကျောင်းသားတချို့ရဲ့ ဖိနပ်တွေနဲ့အိတ်တွေကိုလည်း သူတို့နဲ့အတူ ယူဆောင်လာတယ်လို့ အီရန်အစိုးရက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ပင်တဂွန်က ဆိုပေမဲ့ စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေကတော့ ဒါဟာ အမေရိကန်ရဲ့ လက်ချက်ဖြစ်နိုင်ခြေများတယ်လို့ ယူဆနေကြကြောင်း ရိုက်တာက ဖော်ပြပါတယ်။
“နှစ်ဘက်စလုံးကြားမှာ ခံစားချက် အပြောင်းအလဲတွေ အများကြီးရှိခဲ့ပြီး ဆွေးနွေးပွဲ အခြေအနေကလည်း တင်းမာလိုက် လျော့ကျလိုက်ပဲ” လို့ ပထမအကျော့ ဆွေးနွေးပွဲကို ရည်ညွှန်းပြီး ပါကစ္စတန် သတင်းရင်းမြစ်တခုက ပြောပါတယ်။
အမေရိကန်-အီရန် ဆွေးနွေးပွဲအတွက် လူဦးရေ နှစ်သန်းကျော်ရှိတဲ့ အစ္စလာမ်မာဘတ်မြို့ကို ပိတ်ဆို့ထားပြီး လမ်းမတွေပေါ်မှာလည်းပြည်သူ့စစ်နဲ့ စစ်တပ်အင်အား ထောင်နဲ့ချီ ချထားပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကမှ သံတမန်ရေးအရ ဝိုင်းပယ်ခံထားရတဲ့ ပါကစ္စတန်နိုင်ငံအတွက်တော့ အခုလို ကြားဝင်စေ့စပ်ပေးရတဲ့ အခန်းကဏ္ဍဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတခု ဖြစ်ပါတယ်။
Ref – Reuters