လကမ္ဘာခရီးစဉ်အပြီး အာတီးမစ်အဖွဲ့သားတွေ ကမ္ဘာဆီ ပြန်ဆင်းလာ

ဒါဟာ ၂၀၂၈ ခုနှစ်မှာ အာကာသယာဉ်မှူးတွေကို လမျက်နှာပြင်ပေါ် ပြန်လည်စေလွှတ်ဖို့ ရည်မှန်းထားတဲ့ အာတီးမစ်စီမံကိန်းရဲ့ လူပါဝင်တဲ့ပထမဆုံး စမ်းသပ်ပျံသန်းမှု ဖြစ်ပါတယ်။

 

၁၁၊ ဧပြီ။

 

အာတီးမစ် ၂ အာကာသယာဉ်နဲ့ အဖွဲ့ဝင်လေးဦးဟာ အာကာသထဲမှာ ၁၀ ရက်နီးပါး ကြာမြင့်ခဲ့ပြီးနောက် သောကြာနေ့မှာကမ္ဘာ့လေထုထဲကို အရှိန်နဲ့ဝင်ရောက်လာပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။

ဒါဟာရာစုနှစ်ဝက်ကျော်အတွင်း လူသားတွေရဲ့ ပထမဆုံး လကမ္ဘာခရီးစဉ်ကို အောင်အောင်မြင်မြင် အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။

 

Integrity လို့ အမည်ပေးထားတဲ့ နာဆာရဲ့ သကြားလုံးပုံစံ အိုရိုင်ယွန်အာကာသယာဉ်ဟာ ပစိဖိတ်စံတော်ချိန် ညနေ ၅ နာရီကျော်မှာပဲ ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းလွန်က ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ထဲကို လေထီးနဲ့ ညင်ညင်သာသာဆင်းသက်ခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်ဟာ အာကာသယာဉ်မှူးတွေကို အရင်က ဘယ်သူမှ မရောက်ဖူးသေးတဲ့ အာကာသအနက်ပိုင်းအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

 

စုစုပေါင်း မိုင်ပေါင်း ၆၉၄,၃၉၂ (ကီလိုမီတာ ၁.၁ သန်းကျော်) ခရီးနှင်ခဲ့တဲ့ အာတီးမစ် ၂ ခရီးစဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်း နှစ်ပတ်ပတ်ခဲ့ပြီး မိုင်ပေါင်း ၂၅၂,၀၀၀ အကွာအဝေးကနေ လကမ္ဘာအနီးကို ဖြတ်ပျံခဲ့တာပါ။

ဒါဟာ ၂၀၂၈ ခုနှစ်မှာ အာကာသယာဉ်မှူးတွေကို လမျက်နှာပြင်ပေါ် ပြန်လည်စေလွှတ်ဖို့ ရည်မှန်းထားတဲ့ အာတီးမစ်စီမံကိန်းရဲ့ လူပါဝင်တဲ့ပထမဆုံး စမ်းသပ်ပျံသန်းမှု ဖြစ်ပါတယ်။

 

နေမဝင်ခင် နှစ်နာရီအလိုလောက်မှာ သမုဒ္ဒရာထဲ ဆင်းသက်ခဲ့တာကို နာဆာရဲ့ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

“Integrity ယာဉ်နဲ့ အာကာသယာဉ်မှူး လေးဦးတို့ဟာ ပစ်မှတ်ကို အတိအကျထိမှန်သလိုမျိုး အပြစ်ပြောစရာမရှိအောင် ဆင်းသက်နိုင်ခဲ့ပါတယ်” လို့ ဆင်းသက်ပြီးပြီးချင်းမှာပဲ နာဆာရဲ့ အစီအစဉ်တင်ဆက်သူ ရောဘတ် နေးဗီးယပ်စ်က ပြောသွားပါတယ်။

 

ရေပေါ်မှာ ပေါ်နေတဲ့ အာကာသယာဉ်ကို ဆယ်ယူဖို့နဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အသက် ၅၀ အရွယ် အမေရိကန်အာကာသယာဉ်မှူး ရိဒ် ဝိုက်စ်မန်း၊ အသက် ၄၉ အရွယ် ဗစ်တာ ဂလိုဗာ၊ အသက် ၄၇ အရွယ် ခရစ္စတီးနား ကို့ခ်နဲ့ အသက်၅၀ အရွယ် ကနေဒါ အာကာသယာဉ်မှူး ဂျရမီ ဟန်ဆန်တို့ကို ကူညီဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။

 

အာကာသယာဉ်မှူးတွေ ဘေးကင်းစွာ ပြန်ရောက်လာတာဟာ Lockheed Martin ကုမ္ပဏီက တည်ဆောက်ထားတဲ့ အိုရိုင်ယွန် အာကာသယာဉ်အတွက် နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး လကမ္ဘာကနေ ပြန်လာတဲ့လမ်းကြောင်းအတိုင်း ကမ္ဘာ့လေထုထဲ ပြန်ဝင်လာတဲ့အခါ ဖြစ်ပေါ်လာမယ့် ပြင်းထန်တဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိကြောင်း သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

 

ကမ္ဘာ့လေထုထဲကို ၁၃ မိနစ်ကြာ အသည်းယားစရာကောင်းအောင် အရှိန်အဟုန်နဲ့ ထိုးဆင်းလာချိန်မှာ ဖြစ်ပေါ်လာတဲ့ပွတ်တိုက်မှုအပူရှိန်ကြောင့် အာကာသယာဉ်ရဲ့ အပြင်ဘက်အပူချိန်ဟာ ဖာရင်ဟိုက် ၅,၀၀၀ (ဆဲလ်စီးယပ်စ် ၂,၇၆၀) အထိ မြင့်တက်သွားခဲ့ပါတယ်။

 

လေထုထဲ ပြန်ဝင်လာချိန်မှာ မျှော်လင့်ထားတဲ့အတိုင်းပဲ အလွန်အမင်းပူပြင်းတဲ့ အပူရှိန်နဲ့ လေဖိအားကြောင့်အာကာသယာဉ်ကို ပလာစမာလို့ခေါ်တဲ့ အပူငွေ့တွေက ဖုံးလွှမ်းသွားခဲ့ပြီး အာကာသယာဉ်မှူးတွေနဲ့ ရေဒီယိုအဆက်အသွယ် မိနစ်အတော်ကြာ ပြတ်တောက်သွားခဲ့ပါတယ်။

 

အဆက်အသွယ် ပြန်ရလာပြီးနောက် အရှိန်နဲ့ ကျဆင်းနေတဲ့ ယာဉ်ရဲ့ ထိပ်ပိုင်းကနေ လေထီးနှစ်စုံ ပွင့်ထွက်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ စိုးရိမ်မှုတွေ လျော့ကျသွားခဲ့ပါတယ်။ အဲဒီလေထီးတွေက ယာဉ်ရဲ့အရှိန်ကို တနာရီ ၁၅ မိုင်နှုန်းအထိလျှော့ချပေးခဲ့ပြီးနောက် အိုရိုင်ယွန်ယာဉ်ဟာ ရေမျက်နှာပြင်ပေါ်ကို ညင်ညင်သာသာ ဆင်းသက်သွားခဲ့ပါတယ်။

 

နာဆာနဲ့ အမေရိကန်ရေတပ်အဖွဲ့တွေဟာ ရေပေါ်မှာ ပေါ်နေတဲ့ယာဉ်ကို ထိန်းသိမ်းဖို့၊ အာကာသယာဉ်မှူး လေးဦးကို ယာဉ်ထဲကနေ ထွက်နိုင်အောင် ကူညီဖို့နဲ့ သူတို့ကို ရဟတ်ယာဉ်တွေနဲ့ အနီးနားမှာရှိတဲ့ USS John P. Murtha ရေတပ်သင်္ဘောဆီပို့ဆောင်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ တနာရီလောက် အချိန်ယူခဲ့ရပါတယ်။

 

အာကာသယာဉ်မှူးတွေဟာ သင်္ဘောပေါ်မှာ တညအိပ်ပြီးနောက် စနေနေ့မှာတော့ သူတို့ရဲ့ မိသားစုတွေရှိရာ ဟူစတန်မြို့ကိုလေယာဉ်နဲ့ ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။

 

အဆိုပါ အဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ ကိပ်ကာနီဗရယ်ကနေ နာဆာရဲ့ SLS ဒုံးပျံကြီးနဲ့အတူ ထွက်ခွာလာခဲ့တာဖြစ်ပြီး လရဲ့ တဘက်ခြမ်းကို ပတ်ရမယ့် ခရီးစဉ်ကို စတင်ခဲ့တာပါ။

 

ဒီလို ပျံသန်းနိုင်ခဲ့တာကြောင့် သူတို့ဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေက အပိုလို စီမံကိန်းနောက်ပိုင်း လကမ္ဘာအနီးကိုရောက်ရှိခဲ့တဲ့ ပထမဆုံး အာကာသယာဉ်မှူးတွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဂလိုဗာ၊ ကို့ခ်နဲ့ ဟန်ဆန်တို့ဟာလည်း လကမ္ဘာခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး လူမည်းအာကာသယာဉ်မှူး၊ ပထမဆုံး အမျိုးသမီးနဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားမဟုတ်သူအဖြစ် အသီးသီး သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

 

ခရီးစဉ်အတွင်းမှာ သူတို့ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၅၂,၇၅၆ အကွာအဝေးအထိ ရောက်ရှိခဲ့ပြီး ၁၉၇၀ ပြည့်နှစ်ကအပိုလို ၁၃ အဖွဲ့ တင်ခဲ့တဲ့ မိုင် ၂၄၈,၀၀၀ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်က လူမပါဘဲ လွှတ်တင်ခဲ့တဲ့ အာတီးမစ် ၁ ခရီးစဉ်အပြီးမှာ အခု အာတီးမစ် ၂ ခရီးစဉ်ဟာ ၁၉၇၂ ခုနှစ်နှောင်းပိုင်း အပိုလို ၁၇ နောက်ပိုင်း လမျက်နှာပြင်ပေါ်ကို လူသားတွေ ပြန်လည်ခြေချနိုင်ဖို့အတွက် အရေးကြီးတဲ့ လက်တွေ့လေ့ကျင့်မှုတခု ဖြစ်ပါတယ်။

 

အာတီးမစ်စီမံကိန်းရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ လကမ္ဘာပေါ်မှာ ရေရှည်နေထိုင်နိုင်မယ့် အခြေစိုက်စခန်းတခုတည်ထောင်ပြီး အဲဒီကနေတဆင့် အင်္ဂါဂြိုဟ်ကို သွားရောက်စူးစမ်းဖို့ ခြေလှမ်းပြင်ဖို့ပဲ ဖြစ်ပါတယ်။

 

အပိုလိုခေတ်က စစ်အေးတိုက်ပွဲကာလနဲ့ တူညီတာတခုကတော့ အခု အာတီးမစ် ၂ ခရီးစဉ်ဟာလည်း အမေရိကန်နိုင်ငံအတွင်းမှာ လူကြိုက်မများတဲ့ စစ်ရေးပဋိပက္ခတွေအပါအဝင် နိုင်ငံရေးနဲ့ လူမှုရေး ရှုပ်ထွေးမှုတွေကြားထဲကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

 

နည်းပညာကုမ္ပဏီကြီးတွေအပေါ် ယုံကြည်မှုလျော့နည်းနေပြီး ကြောက်ရွံ့မှုတွေတောင် ရှိနေတဲ့အချိန်မှာ ဒီလကမ္ဘာခရီးစဉ်ဟာ သိပ္ပံနဲ့ နည်းပညာရဲ့ အောင်မြင်မှုကို ကမ္ဘာတဝန်းက စိတ်ဝင်စားသူတွေအတွက် ပြန်လည်သက်သေပြလိုက်တာပါ။ နာဆာရဲ့ YouTube ချန်နယ်မှာတင် အဆိုပါ ဆင်းသက်မှုကို ကြည့်ရှုသူ သုံးသန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Ref – Reuters