အောင်ရေ မရတဲ့ မြစ်ဝကျွန်းပေါ် သင်္ကြန်

မိုးစပါးဟာ နွေစပါးလောက် အရင်းအနှီးမများပေမယ့် စိုက်ပျိုးစရိတ်ကုန်ကျမှုကတော့ ရှိနေဦးမှာဖြစ်လို့ လယ်သမားတွေ အတွက်ကတော့ “ ဆုပ်လည်းစူး စားလည်းရူး” ဆိုတဲ့ အခြေအနေကို ကျရောက်လာနေပါတယ်။

၁၀၊ဧပြီ

“ ဒီသင်္ကြန်ရေကတော့ ကျွန်တော်တင်မဟုတ် ဘယ်လယ်သမားရဲ့ ရင်ကိုမှ အေးစေနိုင်မယ် မထင်ပါဘူး ”

တလင်းထဲက စပါးပုံကို အိတ်တွေထဲပြောင်းထည့်နေရင်း ဦးစစ်နိုင်(အမည်လွှဲ)က ပြောပါတယ်။ သူဟာ ဒီနှစ်မှာ နယူး အလဲဗင်းလို့ခေါ်တဲ့ စပါးမျိုးကို နွေစပါးအဖြစ် ၁၂ ဧက စိုက်ပျိုးခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၄ – ၂၅ စိုက်ပျိုးရာသီနဲ့ အခု ၂၀၂၅ – ၂၆ စိုက်ပျိုးရာသီအတွင်းမှာ စပါးတောက်လျှောက်စိုက်နိုင်ဖို့ သူ့ရဲ့နေအိမ်နဲ့ ခြံကို အပေါင်အဖြစ်ထားပြီး ချေးငွေယူခဲ့ရတာပါ။

မိုးစပါးရော နွေစပါးပါ စိုက်ပျိုးနိုင်တဲ့ လယ်မြေဖြစ်တာကြောင့် ဆောင်းသီးနှံစိုက်ပျိုးခြင်းမပြုပဲ မိုးစပါး၊ နွေစပါးကိုသာ သီးထပ်အဖြစ် စိုက်ပျိုးသူဖြစ်ပါတယ်။

၂၀၂၂ ရှေ့ပိုင်းကာလတွေက ကိုယ်ပိုင်လယ် ၁၂ ဧက အပြင် တခြား လယ်မလုပ်တဲ့ လယ်ရှင်တွေဆီကနေ လယ်ငှားပြီး စိုက်ပျိုးတဲ့အထိ လယ်အလုပ်ကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့  ဦးစစ်နိုင်ဟာ လယ်လုပ်သက်ချည်းပဲ နှစ် ၂၀ ကျော်ရှိနေပါပြီ။

သူဟာ ဇလွန်မြို့နယ်ထဲက ကျေးရွာတခုမှာ တဧက နီးပါးကျယ်ဝန်းတဲ့ ခြံကြီးနဲ့ အိမ်ကြီးအိမ်ကောင်း ဆောက်လုပ်နေထိုင်နိုင်တဲ့ ရွာရဲ့လူကြီးပိုင်း ရွာရဲ့မျက်နှာဖုံး ငွေကြေးတတ်နိုင်သူ တဦးဖြစ်သလို ဟင်္သာတ တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိထားသူ တဦးလည်းဖြစ်ပါတယ်။

သားသမီးများတဲ့ မိသားစုကြီးဖြစ်သလို သားသမီးတွေကိုလည်း ပညာရေးနဲ့ လယ်လုပ်ငန်းကို မျှတအောင် လုပ်ဆောင်ကြဖို့ ထိန်းကျောင်းခဲ့သူ ဖြစ်တာကြောင့် ဟိုးလွန်ခဲ့တဲ့နှစ်တွေမှာ ရာသီဥတုကြောင့် ပျက်ဆီးမှုတွေ ရှိခဲ့တာတောင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

“လယ်ကိုက မိသားစုလိုက် ဝိုင်းလုပ်ကြတာ။ အရင်က စက်တွေလည်းရှိတော့ အငှားလိုက်တာတွေလည်း လုပ်တာပေါ့။ ၂၀၁၈ တုန်းက မိုးစပါးတွေ ပျက်သွားသေးတယ်။ ဒါပေမယ့် အဲ့တုန်းက အမေ့ (NLD အစိုးရ)လက်ထက်ဆိုတော့ ပြန်ကြည့်ပေးတာတွေရှိတော့ ခံသာတာပေါ့ ” လို့ ဦးစစ်နိုင်က ပြောပါတယ်။

မိသားစုထဲမှာ သားချည်းပဲ ၃ ယောက်ပါခဲ့ပြီး အကုန်လုံးက အားကိုးရတဲ့ ကလေးတွေဖြစ်ခဲ့သလို သားနှစ်ယောက် အိမ်ထောင်ကျပြီးချိန်အထိ မိဘနဲ့အတူနေကာ လယ်အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်ခဲ့ ကြတာပါ။

သမီးနှစ်ယောက်က ကျောင်းဆရာမတွေ ဖြစ်လာကြပြီး အခြားသော သမီးငယ်တွေနဲ့ မြေး ၂ ယောက်ကတော့ လက်ရှိအချိန်မှာ အခြေခံပညာအဆင့် ကျောင်းသားတွေအဖြစ်သာ ရှိနေပါသေးတယ်။

“ဘယ်တုန်းက စခက်ခဲခဲ့တာလဲဆိုရင် အာဏာသိမ်းပြီး ကတည်းကပေါ့။ သမီးနှစ်ယောက်လုံးက CDM လုပ်ကြတယ်။ ဒီဘက်နယ်မှာက CDM လုပ်တာရှားတော့ အရမ်းအဖိခံရတယ်။ သမီးတွေ ရှောင်ရတယ်။ အဆိုးဆုံး ရိုက်ခတ်မှုကတော့ စစ်မှုထမ်း ဥပဒေထွက်လာချိန်ပဲ ” လို့ အခြေကြီး အနေကြီး ဘဝကနေ အိမ်ပေါင်ရတဲ့ အထိဖြစ်သွားခဲ့ရတဲ့ အခြေအနေကို သူက တခုစီ ရှင်းပြနေတာပါ။

သမီးတွေ တိမ်းရှောင်သွားရချိန်မှာ သူတို့ရဲ့ စားဝတ်နေရေးကို မိသားစုက ထောက်ပံ့ခဲ့ရသလို ၂၀၂၂ – ၂၃ နွေစပါးရာသီမှာ စပါးဈေးတွေ စတင်ကျဆင်းလာခဲ့ပါတယ်။ ဒါအပြင် သမီးတွေကို အကြောင်းပြပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ရပ်ရွာအလှူတွေ၊ စစ်ကောင်စီက အဆင့်မြင့်ရာထူးသမားတွေ လာတဲ့အခါ ဧည့်ခံရတဲ့ ကုန်ကျစရိတ်တွေကို သူတို့ခေါင်းပေါ်ကို ပုံချခဲ့ကြပါတယ်။

ဒေသခံ အချင်းချင်းကြားမှာတော့ ကူညီဖေးမမှုတွေ ရှိကြပေမယ့် တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်မှု ထင်းထင်းကြီးရှိနေတဲ့ သူတို့မိသားစုဟာ စစ်ကောင်စီ လက်ပါးစေတွေရဲ့ နှိပ်ကွပ်မှုတွေကို ပုံစံမျိုးစုံနဲ့ ခံခဲ့ကြရပါတယ်။

ဒီလိုနဲ့ ၂၀၂၄ ဧပြီလကိုရောက်လာတဲ့အခါ ယိမ်းမသွားအောင်ထိန်းထားရတဲ့ မိသားစုစီးပွားရေးကို ဝုန်းကနဲပြိုကျသွားဖို့ စစ်ကောင်စီက ဖန်တီးပေးလာပြန်ပါတယ်။

“စစ်မှုထမ်းရမယ်ဆိုတော့ သားသုံးယောက်စလုံးက အကြုံးဝင်တယ်။ အစပိုင်းတော့ ဒီလိုပဲနေကြည့်ဦးမယ်ဆိုပြီး နေကြပေမယ့် အလတ်ကောင် (အိမ်ထောင်မရှိ)က စပြေးတယ်။ ကြောက်လို့မဟုတ်ဘူး စစ်မှုထမ်းရမယ်ဆို ဒင်းတို့ဆီတော့ မထမ်းဘူးပေါ့။ သိတယ်မလား ” လို့ ဦးစစ်နိုင်က ဆိုပါတယ်။

အဲ့ဒီနှစ်မှာပဲ နွေစပါးဈေးတွေဟာ ပြုတ်ကျသွားခဲ့ပါတယ်။ အရင်က စပါး ၁၀၀ ကို သိန်း ၂၀ ဝန်းကျင်ထိ ရှိနေခဲ့တဲ့ စပါးဈေးတွေဟာ ရုတ်တရက် ၁၅ သိန်းဝန်းကျင်ကို ပြုတ်ကျသွားခဲ့သလို သွင်းအားစု အစုစုရဲ့ ကုန်ကျစရိတ်တွေနဲ့ အခြေခံစားသောက်ကုန် ဈေးနူန်းတွေကလည်း တက်နေခဲ့ပါတယ်။

ဒီအခြေအနေတွေကို လုံးဝမထိန်းချုပ်၊ ပြင်ဆင်ဖို့မကြိုးစားပဲ လွှတ်ထားတဲ့အပြင် သူတို့ကြီးပွား တိုးတက်ဖို့ကိုသာ အာရုံရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယန္တရားတွေကို သည်းမခံနိုင်တဲ့အဆုံးမှာ အိမ်ထောင်သည် သားနှစ်ဦးနဲ့ ချွေးမ တဦးဟာ အိမ်ကထွက်သွားခဲ့ကြပြန်ပါတယ်။

“အကုန်လုံးက ဘွဲ့ရတွေလေ အခြေအနေကို သူတို့သိတယ်။ လယ်ကိုတောင် ခေတ်မီမီ စိုက်ကြတဲ့သူတွေ။ အဲ့နှစ်မှာပဲ ထွန်စက်ရော ရိတ်ချွေစက်ရော ရောင်းပစ်လိုက်ရတယ် ” လို့ ဦးစစ်နိုင်က  ဆိုပါတယ်။

ဒီနောက်မှာတော့ လယ်ငှားစိုက်ပျိုးတာတွေ မလုပ်နိုင်တော့သလို စက်ပိုင်ကနေ စက်ငှားဘဝကို ရောက်လာတဲ့အပြင် အလုပ်လုပ်မယ့်သူတွေ နည်းသွားတာ ၊ စစ်မှုထမ်းထောက်ပံ့ကြေးတွေ စတင် ပေးဆောင်လာရတာ၊ အပြင်ရောက်သွားသူတွေနဲ့ ကျန်ခဲ့တဲ့မိသားစုတွေရဲ့  ဝန်တွေကို ဒီလယ်အလုပ် တခုတည်းနဲ့ ထိန်းထားရတာ၊ စပါးဈေး ပိုပိုကျလာတာတွေကြောင့် ၂၀၂၄-၂၅ နွေစပါးရာသီမှာ အိမ်ကိုပေါင်လိုက်ရတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။

ဒီအခြေအနေတွေဟာ ပိုပိုဆိုးလာခဲ့ပြီး ယခုနှစ် နွေစပါးရိတ်သိမ်းခါနီး အချိန်မှာတော့ တကမ္ဘာလုံးကြုံတွေ့နေရတဲ့ စက်သုံးဆီ အခက်အခဲကို ကြုံရပါတော့တယ်။ အိမ်စားဖို့စိုက်တဲ့ လယ်တဧက ကလွဲရင် ကျန် ၁၁ ဧကလုံးရှုံးခဲ့ပြီး အိမ်အတိုးသတ်ဖို့လောက်သာ လောက်ငှတဲ့ ပမာဏပဲငွေကျန်တော့ တာကြောင့် လာမယ့် မိုးစပါးရာသီမှာ ကြဲခင်းလုပ်ဖို့တောင် မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“သူတို့(စစ်ကောင်စီ)ကပြောတယ် သားသမီးတွေ မလိမ်မာလို့ ဒီလိုဖြစ်ရတယ်ပေါ့။ ကျွန်တော်က သူတို့ရွေးသွားတဲ့လမ်းကို ထောက်ခံတယ်။ လိမ်မာခဲ့တဲ့ကလေးတွေ မလိမ်တော့ဘူးဆိုရင်တောင် အဲ့လို မလိမ်မာအောင်လုပ်တာဟာ သူတို့ပဲ(စစ်ကောင်စီ)”

ဧရာဝတီတိုင်းဟာ စစ်ကောင်စီ စိုးမိုးနယ်မြေဖြစ်သလို ဒေသရဲ့ ပထဝီဝင်အနေအထားအရ ရုတ်တရက် တော်လှန်ရေးတပ်တွေ ဝင်ရောက်စိုးမိုးဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ချိန်တွေမှာ တည်ငြိမ်မှုအရှိဆုံး ဒေသအဖြစ် စစ်ခေါင်းဆောင် ကိုယ်တိုင်က ပြောဆိုခဲ့တဲ့ ဒေသဖြစ်ပါတယ်။

ဒါပေမယ့် ဧရာဝတီတိုင်းသားတွေဟာ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ စစ်ကောင်စီကပေးတဲ့ ဆိုးမွေဒုက္ခတွေကို ရှောင်လွှဲခွင့်ရတဲ့သူတွေတော့ မဖြစ်ခဲ့ပါဘူး။

ဦးစစ်နိုင်တို့လို ငွေကြေးအရတောင့်တင်းပြီး ပိုင်ဆိုင်မှုတချို့ရှိနေတဲ့သူမျိုးတွေတောင် စီးပွားရေး ပြိုကျသွားခဲ့တဲ့အထိ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုနဲ့ ပြည်သူတွေအပေါ် နိုင်ထက်စီးနင်းပြုမှုတွေဟာ ပြင်းထန်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဧရာဝတီတိုင်းဟာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေ အများဆုံးထွက်ပေါ်ရာ ဒေသဖြစ်သလို စစ်မှုထမ်းထောက်ပံ့ကြေးပေးဆောင်ရတဲ့ အခြေအနေတွေနဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးတွေကတဆင့် စစ်တပ်ရန်ပုံငွေရှာဖွေတဲ့ လုပ်ဆောင်မှုတွေကို လည်း နေရာတိုင်းမှာ တွေ့လာနေရတဲ့ အခြေအနေပါ။

ဒီအခြေအနေမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး နွေစပါးလို သွင်းအားစုများများနဲ့ အရင်းအနှီးများတဲ့ သီးနှံတွေစိုက်ပျိုးထားတဲ့ တောင်သူလယ်သမားတွေအတွက် စပါးအောင်ရေတင်ဖို့နဲ့ ရိတ်သိမ်းချွေလှေ့ဖို့ အရေးတကြီးလိုအပ်တဲ့ စက်သုံးဆီတွေ ရရှိဖို့ အစီအမံတွေ ရှိမနေပြန်ပါဘူး။

DNA က အတည်ပြုထားနိုင်တဲ့ အောင်ရေမသွင်းနိုင်၊ မရိတ်သိမ်းနိုင်လို့ ပျက်ဆီးဖို့ရာခိုင်နူန်းများတဲ့ နွေစပါးဧကပေါင်းဟာ ဓနုဖြူတမြို့နယ်ထဲမှာတင် သောင်းနဲ့ချီကျန်ရှိနေပါသေးတယ်။

မအူပင်မြို့နယ်မှာနေထိုင်တဲ့ တောင်သူလယ်သမားအရေး ကျွမ်းကျင်သူ မအူပင် ဦးစိန်ဝင်းကတော့ “ လယ်သမားတွေ မစိုက်နိုင်ရင် ငတ်ကြမှာပဲ ” လို့ ဆိုပါတယ်။

ဒီမှတ်ချက်ကို ထောက်ခံပေမယ့် ဒီလိုမျိုး ဆန်ရေစပါး ရှားပါးလာနိုင်တာကြောင့် စားရေးမှာ အခက်အခြ ဖြစ်ကြမယ့် သူတွေထဲမှာ စစ်ကောင်စီက ခေါင်းဆောင်ပိုင်းတွေ၊ ခရိုနီတွေနဲ့ သူတို့လက်ပါးစေတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ ဆန်၊စပါး ဈေးကွက် ကျွမ်းကျင်သူ တဦးက ပြောပါတယ်။

“တကယ်မစိုက်နိုင်ကြတော့ရင် တော်ရုံငွေရှိရင်တောင် ဆန်ဝယ်ဖို့ခက်ကြလိမ့်မယ်။ ဒါပေမယ့် စစ်တပ်နဲ့ ခရိုနီတွေကတော့ အေးဆေးပဲပေါ့ ” လို့ သူက ဆိုပါတယ်။

DNA ရဲ့ သတင်းရင်းမြစ်တွေဖြစ်ကြတဲ့ တောင်သူလယ်သမားရေး ကျွမ်းကျင်သူတွေ၊ ကုန်သည်တွေ၊ တောင်သူလယ်သမားတွေကတော့ လာမယ့် မိုးစပါးရာသီမှာ သေသေချာချာ စိုက်ပျိုးနိုင်သူတွေ အများကြီးနည်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် ဥပဒေအရ လယ်မစိုက်ပဲနေရင် လယ်သိမ်းတာ၊ တရားစွဲခံရတာတွေ ဖြစ်နိုင်တာကြောင့် လုံးဝ မစိုက်ပဲလည်း နေကြမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဓနုဖြူက လယ်သမားတဦးကတော့ “ စိုက်ရင်တောင် မည်ကာမတ္တပေါ့ ” တဲ့။

မိုးစပါးစိုက်ဖို့အတွက် လယ်တဧကကို ထွန်စက် နှစ်စီးသုံးဖို့လိုအပ်ပြီး လက်ရှိ ဆီဝယ်မရတာ၊ ဆီဈေးအလွန်မြင့်တက်နေတာတွေကြောင့် လယ်ထွန်ဖို့အတွက်ကို သိန်းဂဏာန်းနဲ့ စဖွင့်ရမယ့် အခြေအနေဖြစ်တာပါ။

မိုးစပါးဟာ နွေစပါးလောက် အရင်းအနှီးမများပေမယ့် စိုက်ပျိုးစရိတ်ကုန်ကျမှုကတော့ ရှိနေဦးမှာဖြစ်လို့ လယ်သမားတွေ အတွက်ကတော့ “ ဆုပ်လည်းစူး စားလည်းရူး” ဆိုတဲ့ အခြေအနေကို ကျရောက်လာနေတယ်လို့ မအူပင် ဦးစိန်ဝင်းက မှတ်ချက်ပြုပါတယ်။

သူက စက်မှုလယ်ယာကို ကူးပြောင်းလာခဲ့တာ အချိန်တခုကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ရုတ်တရက် လက်မှုလယ်ယာကို ပြန်ပြောင်းဖို့ကလည်း စားကျက်မြေကအစ ခက်ခဲတဲ့၊ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

နွေစပါးအဖြစ် အစိုက်များကြတဲ့ ပြည်ပပို့စပါးမျိုးတွေဟာ ၁၀ သိန်း ပတ်ချာလည်ပဲ ဈေးရှိတော့တဲ့ ဒီနှစ်မှာ ဆီမရလို့ စပါးမသိမ်းနိုင်သူတွေရဲ့ အပူနဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဟာ မြန်မာနှစ်ကူးသင်္ကြန်ကာလကို ဖြတ်သန်းရပါတော့မယ်။

ဦးစစ်နိုင်ကတော့ “ မျှော်လင့်ချက်ကတော့ သားသမီးတွေနဲ့ ပြန်ဆုံချင်တယ်။ ဆန္ဒကတော့ လယ်လုပ်ရင်းပဲ သေချင်တယ် ” တဲ့။