
“မနေ့က ဘဏ် ကိုသွားတာ မီးပျက်နေတော့ ငွေလွှဲလို့မရဘူး။ အပြင်ဆိုင်ကပဲ လွှဲရတယ်။ စရိတ်စက များတယ်”
၉၊ ဧပြီ။
လျှပ်စစ်မီး မမှန်သလို စက်သုံးဆီလည်း ဝယ်မရတာကြောင့် ဧရာ၀တီတိုင်းအတွင်းက ဘဏ်တွေဟာ ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် ဘဏ်လုပ်ငန်းတွေ အချိန်ပြည့် လည်ပတ်နိုင်ခြင်းမရှိဘဲ ငွေအလွှဲ၊ အထုတ်လုပ်သူတွေလည်း အခက်တွေ့နေကြရပါတယ်။
“ဘဏ်ကတော့ ဖွင့်တယ်လေ။ ဒါပေမယ့် မီးလာတဲ့အချိန်ပဲ ထုတ်လို့ရမယ်။ အခုလောလောဆယ် မီးလာနေတယ် ဗျ။ မီးပျက်တဲ့အချိန်တော့ မီးစက်နိုးမပေးဘူး။ မီးစက်က ဆီက ဝယ်ရတာခက်ခဲသွားလို့၊ ဝယ်မရတော့လို့။ အရင် တုန်းကတော့ နိုးပေးတယ်။ မနေ့ကစပြီး နိုးမပေးတာ” လို့ ပုသိမ်မြို့ပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ်ရဲ့ဝန်ထမ်းတဦးက ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။
ပုသိမ်နဲ့ အခြားမြို့တွေမှာရှိတဲ့ ကမ္ဘောဇဘဏ်အပါအဝင် အခြားဘဏ်တွေအားလုံးမှာလည်း အဲဒီလို လျှပ်စစ်မီးရ ချိန်မှာသာ ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပြီး ကျန်အချိန်တွေ မရဘူးလို့ ဒေသခံတွေက ဆိုပါ တယ်။
“လျှပ်စစ်မီးက တရက်မှာ သုံးနာရီလောက်ပဲ ရတာ။ တရက်တလေ သုံးနာရီတောင် အပြည့်မရဘူး။ ဘဏ်တွေက ဒီလိုလုပ်တာက အဆင်မပြေဘူးလေ။ သူတို့ဝန်ဆောင်မှုအပြည့်ပေးဖို့လိုတယ်” လို့ ပုသိမ်မြို့မှ လူငယ်တဦးက ပြောပါတယ်။
လက်ရှိမှာ ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်တော့တာကြောင့် ငွေလွှဲ၊ ငွေထုတ်လုပ်လိုသူတွေဟာ အပြင်က ငွေ လွှဲ၊ ငွေထုတ်အေးဂျင့်တွေဆီမှာသာ အလွှဲ၊ အထုတ်လုပ်နေကြရတယ်လို့လည်း ပြောကြပါတယ်။ “မနေ့က ဘဏ် ကိုသွားတာ မီးပျက်နေတော့ ငွေလွှဲလို့မရဘူး။ အပြင်ဆိုင်ကပဲ လွှဲရတယ်။ စရိတ်စက များတယ်” လို့ ဟင်္သာတ ဒေ သခံတဦးက ပြောပါတယ်။
ဘဏ်တွေအနေနဲ့ စက်သုံးဆီတွေကို အစိုးရသတ်မှတ်စျေးနဲ့ အလွယ်တကူဝယ်မရကြတော့တာကြောင့် အခုလို ဘဏ်လုပ်ငန်းတွေ အချိန်မှန် မလုပ်ပေးတော့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အပြင်ပေါက်စျေးတွေကျတော့လည်း မှောင်ခိုစျေးတွေကျတော့လည်း မဝယ်နိုင်ဘူးပေ့ါ” လို့ ဘဏ်လုပ်ငန်းရှင်နဲ့ နီးစပ်တဲ့ ဟင်္သာတဒေသခံတဦးက ပြော ပါတယ်။
စက်သုံးဆီရှားပါးမှုတွေဖြစ်လာပြီးနောက် စစ်ကော်မရှင်ဟာ ဆီဆိုင်တွေကို အရင်တုန်းကလိုမျိုး ဆီအပြည့်ထုတ်မ ရောင်းတော့ဘဲ ဆီလိုအပ်ချက်ရဲ့ ထက်ဝက်လောက်ကိုသာ ထုတ်ရောင်းတော့တယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“စက်သုံးဆီက ဝယ်မရတော့ဘူးပေ့ါ။ ငါတို့ စက်သုံးဆီကိုလည်း အစိုးရကနေလည်း အနည်းဆုံးရောင်းတဲ့ဟာရဲ့ စာရင်းကို ကြည့်လိုက်ရင် တပတ်စာ လီတာ တသိန်းရောင်းလို့ရှိရင် ထက်ဝက်ဖြတ်ချတယ်” လို့ သူက ဆိုပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေတာကြောင့် ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာအပြင် ဧရာ ဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကိုလည်း တိုက်ရိုက် ခြိမ်းခြောက်လာနေပါတယ်။
ငါးဖမ်းလှေတွေ ရပ်နားထားရတာ၊ စိုက်ခင်းတွေ ပျက်စီးသွားတာတွေနဲ့ ကြုံနေကြရသလို နွေစပါး စိုက်ထားသူတွေ မှာလည်း စပါးစျေးကောင်းမရချိန် စက်သုံးဆီ စျေးအလွန်တက်နေတော့ ရိတ်သိမ်းဖို့ အခက်အခဲ ရှိနေကြတာပါ။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေ ဟာလည်း နှစ်ဆကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်ကာလ အလုပ်ပိတ်ရက် အိမ်ပြန်မယ့် သူတွေနဲ့ ခရီးသွား တွေ အခက်အခဲ ကြုံနေကြရပါတယ်။