နေတိုးအကြီးအကဲနဲ့ တွေ့ဆုံစဉ် အီရန်ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့် ဝေဖန်ပြစ်တင်

ထရမ့်ဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာလည်း အဖွဲ့ဝင် ၃၂ နိုင်ငံပါဝင်တဲ့အဆိုပါ မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

၉၊ ဧပြီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗုဒ္ဓဟူးနေ့မှာ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး နေတိုးအဖွဲ့အပေါ် သူဘယ်လောက်အထိ စိတ်ပျက်နေသလဲဆိုတာကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး စစ်ရေးမဟာမိတ်အဖွဲ့အတွင်း ဆက်ဆံရေးတွေဟာ အကျပ်အတည်း ဆိုက်နေရမှာတယ်လို့ ဆိုရမှာပါ။

“သူဟာ နေတိုးမဟာမိတ် တော်တော်များများအပေါ် သိသိသာသာ စိတ်ပျက်နေတာပါ။ သူဘာကို ဆိုလိုသလဲဆိုတာ ကျွန်တော်နားလည်ပါတယ်” လို့ ရုတေးက အိမ်ဖြူတော်မှာ နှစ်နာရီကျော်ကြာ တွေ့ဆုံပြီးနောက် CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က ထရမ့်ရဲ့ စကားကို ကိုးကားပြီး “သူတို့ (နေတိုး) ကို စမ်းသပ်ခဲ့ပေမဲ့ အီရန်စစ်ပွဲအတွင်းမှာ သူတို့ ကျရှုံးခဲ့တယ်”လို့ ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာ ရုတေးက အခုလို တုံ့ပြန်ခဲ့တာပါ။

နေတိုးအဖွဲ့ဝင် နိုင်ငံတချို့ဟာ အမေရိကန်ရဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူမှုတွေကို ကူညီဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အမေရိကန် စစ်လေယာဉ်တွေကို သူတို့ရဲ့ ဝေဟင်ပိုင်နက် အသုံးမပြုခိုင်းတာ၊ စွမ်းအင်တင် သင်္ဘောတွေ ဖြတ်သန်းနိုင်ဖို့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရေး ရေတပ်အင်အား မစေလွှတ်တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

ဘယ်နိုင်ငံတွေလဲဆိုတာ အတိအကျ မပြောပေမဲ့ နေတိုးအဖွဲ့ဝင် တချို့နိုင်ငံတွေဟာ အီရန်စစ်ဆင်ရေးမှာ သူတို့ရဲ့ ကတိကဝတ်တွေကို မတည်နိုင်ခဲ့ကြဘူးလို့ ရုတေးက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥရောပနိုင်ငံ အများစုကတော့ ကူညီပေးခဲ့ကြပါတယ်လို့သူက ဖြည့်စွက်ပြောပါတယ်။

အိမ်ဖြူတော်ကတော့ ဆွေးနွေးပွဲ အသေးစိတ်ကို ထုတ်မပြောပါဘူး။ ဒါပေမဲ့ ထရမ့်ကတော့ သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ”ကျွန်တော်တို့ လိုအပ်နေချိန်မှာ နေတိုးက ရှိမနေခဲ့ဘူး၊ နောက်တကြိမ် လိုအပ်လာရင်လည်း သူတို့ ရှိနေမှာမဟုတ်ဘူး”လို့စာလုံးကြီးတွေနဲ့ ရေးသားပြီး ဒေါသထွက်နေတာကို ပြသခဲ့ပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာလည်း အဖွဲ့ဝင် ၃၂ နိုင်ငံပါဝင်တဲ့အဆိုပါ မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဝါရှင်တန်ရဲ့ ဥရောပမဟာမိတ်တွေဟာ အမေရိကန်ရဲ့ လုံခြုံရေး အကာအကွယ်ကိုပဲ ယူနေပြီး အီရန်ကို အမေရိကန်-အစ္စရေးတို့ဗုံးကြဲတိုက်ခိုက်တဲ့နေရာမှာတော့ အကူအညီ လုံလုံလောက်လောက် မပေးဘူးလို့ သူက စွပ်စွဲနေတာ ဖြစ်ပါတယ်။

အီရန်အပေါ် တိုက်ခိုက်မှုတွေကို နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးအရ ရပ်နားထားမယ်လို့ ထရမ့်က အင်္ဂါနေ့မှာ ပြောခဲ့ပေမဲ့လည်း ဒီပဋိပက္ခရဲ့ အကျိုးဆက်တွေကတော့ ဝါရှင်တန်နဲ့ မဟာမိတ်တွေကြား ဆက်ဆံရေးကို ဆက်လက် တင်းမာစေနေရမှာတယ်လို့ မြင်ရပါတယ်။ သံတမန်ရေးရာ အဖုအထစ်တွေကတော့ အတော်ကြာကြာ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

ပင်လယ်အော်ဒေသက ရေနံကို မှီခိုနေရတဲ့ နိုင်ငံတွေအနေနဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားတာကို ဝိုင်းဝန်းဖြိုခွင်းကြဖို့ ထရမ့်က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံတွေကတော့ စစ်ရေးတင်းမာမှုတွေ ရှိနေသရွေ့ ရေမိုင်းရှင်းလင်းရေးလို လုပ်ငန်းမျိုးတွေမှာ ပါဝင်ဖို့ အလားအလာ မရှိဘူးလို့ ဥရောပ သံတမန်နှစ်ဦးက ပြောဆိုပါတယ်။