လက်ဘနွန်ကို အစ္စရေးအပြင်းအထန် တိုက်ခိုက် လူပေါင်း ၂၅၀ သေဆုံး

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါတယ်။

၉၊ ဧပြီ။

ပြီးခဲ့တဲ့လကစလို့ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးဟာ  မနေ့က ဗုဒ္ဓဟူးနေ့မှာ လက်ဘနွန်ကို အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ခေတ္တရပ်နားထားခဲ့ပေမဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်လာတဲ့အတွက် အစ္စရေးဘက်က အခုလို တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါတယ်။

အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကတော့ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲဖို့ဆိုတာဟာ အမေရိကန်နဲ့သူတို့နိုင်ငံကြားသဘောတူညီချက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာတော့ မြို့တော် ဘေရွတ်မှာ အနည်းဆုံး ငါးကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ကောင်းကင်ယံမှာ မီးခိုးလုံးကြီးတွေ အလိမ့်လိမ့်တက်နေခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံး ဟန်ချက်ညီတိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဆယ်မိနစ်အတွင်းမှာတင် ဘေရွတ်၊ ဘီကာတောင်ကြားနဲ့ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ကွပ်ကဲမှုစင်တာတွေနဲ့ စစ်ရေးပစ်မှတ်ပေါင်း ၁၀၀ကျော်ကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ဘနွန် အရပ်ဘက်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ လူပေါင်း ၂၅၄ ဦး သေဆုံးပြီး ၁,၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘေရွတ်မြို့မှာတင် လူ ၉၁ ဦး သေဆုံးခဲ့ရလို့ အသေအပျောက် အများဆုံးနေရာ ဖြစ်နေပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာတော့ ဟစ်ဇ်ဘိုလာဘက်က မာနာရာအခြေချစခန်းငယ်လေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေလို့ အခုလို တုံ့ပြန်တာဖြစ်တယ်လို့ သူတို့က အကြောင်းပြထားပါတယ်။

“ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေအပေါ် အစ္စရေး-အမေရိကန်တို့ရဲ့ ကျူးကျော်စော်ကားမှုတွေ ရပ်တန့်သွားတဲ့အထိ ဒီလိုတုံ့ပြန်မှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်” လို့ ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်ကြောင့် အီရန်ဘက်က ပြန်လည်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လာသလို၊ အမေရိကန်နဲ့ ရေရှည်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ဆိုတာဟာ အဓိပ္ပာယ်မရှိတဲ့ကိစ္စ ဖြစ်နေတယ်လို့လည်း တုံ့ပြန်ပြောဆိုထားပါတယ်။

လာမယ့် စနေနေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ဖို့ နှစ်ဘက်စလုံးက ပြင်ဆင်ထားကြပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်ချင်းက တခြားစီ ဖြစ်နေတာကြောင့် နှစ်ပတ်ကြာ အပစ်ရပ်စဲရေးဟာ အဲဒီအချိန်အထိ ခိုင်မြဲပါ့မလားဆိုတာ မရေမရာ ဖြစ်နေရမှာတယ်လို့ မြင်ရပါတယ်။

မတ်လ ၂ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဗုဒ္ဓဟူးနေ့ဟာ အသေအပျောက် အများဆုံးနေ့ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နဲ့အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာမှာ ဟစ်ဇ်ဘိုလာဘက်က အီရန်ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးကို စတင်ပစ်ခတ်ခဲ့ရာကနေ စစ်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်မှာတော့ အစ္စရေးက လေကြောင်းရော ကုန်းကြောင်းပါ အင်တိုက်အားတိုက်ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်ကတော့ “လက်ဘနွန်မှာ ဖြစ်ပျက်နေတဲ့ သတ်ဖြတ်မှုနဲ့ပျက်စီးဆုံးရှုံးမှုတွေဟာ တကယ့်ကို ထိတ်လန့်စရာကောင်းလှပါတယ်။ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို လူအစုအလိုက်အပြုံလိုက် သေဆုံးကုန်တာဟာ ယုံရခက်စရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းမှာလည်း ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေကို ထပ်မံတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအရ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ညပိုင်း မိန့်ခွန်းမှာတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်ဟာ အီရန်နဲ့ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်ကြောင်းနဲ့ အစ္စရေးစစ်တပ်အနေနဲ့ ဟစ်ဇ်ဘိုလာတွေကို အင်အားသုံး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ကလည်း လက်ဘနွန်ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ထဲမှာ မပါဘူးလို့ ဗုဒ္ဓဟူးနေ့မှာပဲ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဘူဒါပတ်စ်မြို့က သတင်းထောက်တွေကို ဗန့်စ်က ပြောကြားရာမှာတော့ “ဒါဟာ နားလည်မှုလွဲတာလို့ပဲ ထင်ပါတယ်။ အီရန်ဘက်ကတော့ လက်ဘနွန်ပါ အပစ်ရပ်စဲရေးထဲ ပါဝင်တယ်လို့ ထင်နေပုံရပေမဲ့ တကယ်တမ်းတော့ မပါဝင်ပါဘူး” လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးမှာ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှာရစ်ဖ်ကတော့ လက်ဘနွန်ဟာလည်း အပစ်ရပ်စဲရေးမှာ ပါဝင်မှာဖြစ်တယ်လို့ အစောပိုင်းက ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာဘက်ကတော့ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်မှုကို ရှုတ်ချလိုက်ပြီး အခုလို တိုက်ခိုက်ခံရမှုတွေက သူတို့ဘက်က ပြန်လည်တုံ့ပြန်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပိုမိုခိုင်မာစေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဟစ်ဇ်ဘိုလာဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေကို ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။

“ဟစ်ဇ်ဘိုလာအနေနဲ့ အပစ်ရပ်စဲရေးမှာ ပါဝင်တယ်လို့ အသိပေးခံထားရတဲ့အတွက် ကျွန်တော်တို့ဘက်က လိုက်နာခဲ့ပါတယ်။ဒါပေမဲ့ အစ္စရေးကတော့ ထုံးစံအတိုင်း ချိုးဖောက်ပြီး လက်ဘနွန်တဝန်းမှာ လူသတ်ပွဲတွေ ဆင်နွှဲနေပါတယ်” လို့ ဟစ်ဇ်ဘိုလာလွှတ်တော်အမတ် အီဘရာဟင် အယ်လ်မူဆာဝီက ပြောပါတယ်။

နောက်ထပ် လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဟတ်ဆန် ဖတ်ဒလာလာကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေရင် တနိုင်ငံလုံးအတိုင်းအတာ သဘောတူညီချက်အပေါ် ထိခိုက်မှုတွေ ရှိလာလိမ့်မယ်လို့ သတိပေးထားပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေ မရပ်တန့်ရင် အမေရိကန်နဲ့ အစ္စရေးတို့ကိုနောင်တရစေမယ့် တုံ့ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။