တောင်ကိုရီးယားနဲ့ သံတမန်ရေးတင်းမာနေချိန် မြောက်ကိုရီးယားက ဒုံးကျည်လို့ ယူဆရတဲ့လက်နက်တွေ ပစ်ခတ်

မကြာသေးခင်က မြောက်ကိုရီးယားထိပ်တန်းအရာရှိတဦးရဲ့ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်အေးချမ်းလာမလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ ပြုံးယမ်းအနေနဲ့တောင်ကိုရီးယားအပေါ် ထားရှိတဲ့ ရန်လိုတဲ့သဘောထားကို လုံးဝပြောင်းလဲမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

 

၈၊ ဧပြီ။

 

မြောက်ကိုရီးယားဟာ ဧပြီ ၈ ရက်၊  ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ဘက်ကို အမျိုးအမည်မသိသေးတဲ့လက်နက်တခုနဲ့ ပစ်ခတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

 

အင်္ဂါနေ့တုန်းကလည်း အလားတူ ပစ်ခတ်မှုတခုကို စုံစမ်းသိရှိခဲ့ရပြီး ဒါဟာ တင်းမာမှုတွေ လျော့ကျသွားမလားဆိုတဲ့ တောင်ကိုရီးယားရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်လိုက်သလိုပဲဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းဒေသကနေ အင်္ဂါနေ့က တာဝေးပစ်ဒုံးကျည်လို့ ယူဆရတဲ့ လက်နက်တခု ပစ်လွှတ်လိုက်တာကိုစုံစမ်းသိရှိခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က သီးခြားထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ ပစ်လွှတ်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် တာဝန်ရှိသူတွေက အသေးစိတ် ခွဲခြမ်းစိတ်ဖြာ လေ့လာနေတယ်လို့လည်း ဆိုပါတယ်။

 

တောင်ကိုရီးယားရဲ့ Yonhap သတင်းဌာနက စစ်တပ်တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြချက်အရ အင်္ဂါနေ့က ပစ်လွှတ်လိုက်တဲ့ လက်နက်ဟာ အရှေ့ဘက်ကို ပျံသန်းသွားခဲ့ပေမဲ့ ပျံသန်းမှု အစောပိုင်းအဆင့်မှာတင် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပြပြီးပျောက်ကွယ်သွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ လက်နက်ဟာ တာဝေးပစ်ဒုံးကျည် ဖြစ်နိုင်ခြေရှိပြီး ပစ်လွှတ်ပြီးနောက်မှာ ကျရှုံးသွားတာမျိုး ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ပူးပေါင်းစစ်ဦးစီးချုပ်များအဖွဲ့က ယူဆနေကြောင်း Yonhap သတင်းဌာနက ရေးသားထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်တဲ့  မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို တောင်ကိုရီးယားက ချက်ချင်းဆိုသလို ထုတ်ပြန်လေ့ရှိပါတယ်။

 

မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂရဲ့ ပိတ်ပင်မှုကို လက်မခံဘဲ ဒါဟာ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့အချုပ်အခြာအာဏာကို ထိပါးတာလို့ တုံ့ပြန်ထားပါတယ်။

 

မကြာသေးခင်က မြောက်ကိုရီးယားထိပ်တန်းအရာရှိတဦးရဲ့ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်အေးချမ်းလာမလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ ပြုံးယမ်းအနေနဲ့တောင်ကိုရီးယားအပေါ် ထားရှိတဲ့ ရန်လိုတဲ့သဘောထားကို လုံးဝပြောင်းလဲမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

 

“မြောက်ကိုရီးယား အပေါ်မှာ ရန်အလိုဆုံး ရန်သူနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ရုပ်ပုံလွှာဟာ ဘယ်လို စကားလုံး ဒါမှမဟုတ်ဘယ်လို အပြုအမူမျိုးနဲ့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့ ဂျန်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အင်္ဂါနေ့ညပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

 

ဒီနှစ်အစောပိုင်းမှာ ဒရုန်းတွေ ကျူးကျော်ဝင်ရောက်ခဲ့မှုအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ပြုံးယမ်းကိုဝမ်းနည်းရကြောင်း ပြောကြားခဲ့တာဟာ “အရမ်းကို ကံကောင်းပြီး အမျှော်အမြင်ရှိတဲ့ လုပ်ရပ်” ဖြစ်တယ်လို့ မြောက်ကိုရီးယားက တနင်္လာနေ့မှာ မှတ်ချက်ပြုခဲ့ပါသေးတယ်။

 

ဆိုးလ်မြို့ လေ့လာသူတချို့ကတော့ ဆယ်စုနှစ်ပေါင်းများစွာ ရန်လိုခဲ့တဲ့ နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားဆီကနေအခုလိုပြောတာဟာ ရှားရှားပါးပါး ပြန်လည်သင့်မြတ်ရေး ခြေလှမ်းလို့ မြင်ခဲ့ကြပါတယ်။

 

၁၉၅၀ ကနေ ၁၉၅၃ အထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ အပစ်အခတ်ရပ်စဲရေးနဲ့ပဲ အဆုံးသတ်ခဲ့တာကြောင့် နည်းစနစ်အရ ဒီနှစ်နိုင်ငံဟာ လက်ရှိအချိန်အထိ စစ်ဖြစ်နေဆဲ အခြေအနေမှာပဲ ရှိနေတာ ဖြစ်ပါတယ်။

Ref – Reuters