နှစ်ပတ်ကြာ အပစ်အခတ်ရပ်ဖို့ ထရမ့်ကြေညာ ၊ ဆွေးနွေးပွဲတွေ မကြာခင်စမယ်လို့ အီရန်ပြော

 

အဆိုပါ ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာတော့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ ထိုးဆင်းသွားပါတယ်။

၈၊ ဧပြီ။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်တာနဲ့ တခြားထိုးစစ်ဆင်တာတွေကို နှစ်ပတ်ကြာ ရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။

 

အဆိုပါ ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာတော့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ ထိုးဆင်းသွားပါတယ်။ အီရန်ဘက်ကလည်း အစ္စလာမ္မာဘတ်မြို့မှာ ဧပြီလ ၁၀ ရက်နေ့ကျရင် ဆွေးနွေးပွဲတွေ စတင်တော့မယ်လို့ ပြောထားပါတယ်။

 

ဒါပေမဲ့ အမေရိကန်ဘက်ကတော့ အဆိုပါဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အတည်ပြုချက် မပေးသေးပါဘူး။ အိမ်ဖြူတော် တာဝန်ရှိသူတွေရဲ့ အဆိုအရ အစ္စရေးကလည်း အပစ်ရပ်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။ အီရန်ဘက်ကတော့ စစ်ပွဲအဆုံးသတ်ဖို့အတွက် အချက် ၁၀ ချက်ပါတဲ့ အစီအစဉ်တခုကို ထုတ်ဖော်ပြောဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ သမ္မတထရမ့်က “တကယ်လို့သာ သဘောတူညီချက် မရဘူးဆိုရင် လူ့ယဉ်ကျေးမှုတရပ်လုံးပျက်စီးသွားလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ အပစ်ရပ်ရေးဟာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တဲ့အချိန်မှာ စတင်မှာဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးကတော့ အီရန်အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်မယ်ဆိုရင် ပင်လယ်ကွေ့ ဒေသနဲ့ အစ္စရေးအပေါ် တိုက်ခိုက်တာတွေကို ရပ်နားမှာဖြစ်သလို ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်ဖွင့်ပေးဖို့ အသင့်ရှိတယ်လို့ X လူမှုကွန်ရက်ကတဆင့် ပြောထားပါတယ်။

 

အဆိုပါ သတင်းတွေကြောင့် ရေနံဈေးဟာ တစည်ကို ဒေါ်လာ ၁၀၀ အောက်ထိ ကျဆင်းသွားပါတယ်။ Brent ရေနံဈေးဟာ ၁၃.၆ရာခိုင်နှုန်း (၁၄.၈၄ ဒေါ်လာ) ကျဆင်းပြီး ၉၄.၄၃ ဒေါ်လာ ဖြစ်သွားပါတယ်။ WTI ရေနံဈေးဟာလည်း ၁၄.၃ ရာခိုင်နှုန်း (၁၆.၁၃ဒေါ်လာ) ကျဆင်းပြီး ၉၆.၈၂ ဒေါ်လာ ထိ ရောက်ရှိသွားပါတယ်။

 

အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာတော့ ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းခြေ ဒေသတွေမှာအီရန်ရဲ့ ဒုံးကျည်တွေကို အစ္စရေးက ကြားဖြတ်ပစ်ချနေတာတွေ ရှိနေပါသေးတယ်။

 

အစ္စရေးရဲ့ Channel 12 သတင်းဌာနကတော့ အစ္စရေးဘက်က အီရန်ကို လေကြောင်းကနေ ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

 

အစ္စရေးစစ်တပ်ဘက်ကလည်း ထရမ့်ရဲ့ ကြေညာချက်ထွက်ပြီး တနာရီကျော်အကြာမှာ အီရန်ဘက်က ဒုံးကျည်တွေ ပစ်လွှတ်တာကို တွေ့ရှိခဲ့ရပြီး တဲအဗီးမြို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတွေကလည်း သူတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို အသင့်ပြင်ထားကြပါတယ်။

 

တဘက်မှာလည်း အီရန်နဲ့ နီးစပ်တဲ့ အီရတ်လက်နက်ကိုင်အဖွဲ့ Kataib Hezbollah က ဖမ်းဆီးထားတဲ့ အမေရိကန် ဂျာနယ်လစ်ရှယ်လီ ကစ်တဲလ်ဆန်ဟာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အဆိုပါသတင်းကို အတည်ပြုပြောကြားခဲ့ပြီး ပင်တဂွန်၊ FBI နဲ့ အီရတ်တရားစီရင်ရေး ကောင်စီတို့ရဲ့ ကူညီမှုနဲ့ လွတ်မြောက်လာတာလို့ ဆိုပါတယ်။

 

“အခုလို အမေရိကန်နိုင်ငံသားတယောက် လွတ်မြောက်လာတဲ့အတွက် စိတ်သက်သာရာရပါတယ်။ သူ အီရတ်ကနေ ဘေးကင်းကင်း ထွက်ခွာနိုင်ဖို့ ကူညီပေးနေပါတယ်”လို့ ရူဘီယိုက ပြောပါတယ်။

Ref – Reuters