ဗီယက်နမ်မှာ ထိပ်တန်းခေါင်းဆောင် တိုလမ်က တဦးတည်းအာဏာ ဆုပ်ကိုင်ခွင့်ရ

အိမ်နီးချင်း တရုတ်နိုင်ငံလိုပဲ ဆုံးဖြတ်ချက်တွေကို ပိုမြန်မြန်ချနိုင်မှာဖြစ်ပေမဲ့ တပါတီစနစ် ကျင့်သုံးတဲ့ အဆိုပါနိုင်ငံကို အာဏာရှင်ဆန်တဲ့ဘက်ကို ပိုတွန်းပို့နိုင်တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ပြောပါတယ်။

 

 

၇၊ ဧပြီ။

 

 

ဗီယက်နမ် လွှတ်တော်အမတ်တွေဟာ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်ကို လာမယ့် ငါးနှစ်သက်တမ်းအတွက် နိုင်ငံတော်သမ္မတအဖြစ် ဧပြီ ၇ ရက်၊ အင်္ဂါနေ့ မှာ တညီတညွတ်တည်း ရွေးချယ်လိုက်ကြပါတယ်။

ဒါဟာ သူ့ကို ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဗီယက်နမ်ရဲ့ အာဏာအရှိဆုံး ခေါင်းဆောင် ဖြစ်လာစေခဲ့တာပါ။

 

အများက ခန့်မှန်းထားတဲ့အတိုင်းပဲ အဆိုပါ ခြေလှမ်းဟာ ဗီယက်နမ်ရဲ့ ရိုးရာ စုပေါင်းခေါင်းဆောင်မှုစနစ်ကနေ ခွဲထွက်လိုက်တာဖြစ်ပြီး အာဏာကို လူတဦးတည်းလက်ထဲမှာ စုစည်းလိုက်တာလည်း ဖြစ်ပါတယ်။

 

အိမ်နီးချင်း တရုတ်နိုင်ငံလိုပဲ ဆုံးဖြတ်ချက်တွေကို ပိုမြန်မြန်ချနိုင်မှာဖြစ်ပေမဲ့ တပါတီစနစ် ကျင့်သုံးတဲ့ အဆိုပါနိုင်ငံကို အာဏာရှင်ဆန်တဲ့ဘက်ကို ပိုတွန်းပို့နိုင်တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ပြောပါတယ်။

 

မတ်လကုန်ပိုင်း အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ အဆိုပြုချက်ကို လွှတ်တော်က ထောက်ခံပေးခဲ့တာပါ။

ပြည်သူ့လုံခြုံရေးဌာန အကြီးအကဲဟောင်းဖြစ်တဲ့ တိုလမ်ဟာ ဇန်နဝါရီလတုန်းက အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်းအတွက် အရွေးခံခဲ့ရပြီးနောက် အခုဆိုရင် နိုင်ငံကို အုပ်ချုပ်ဖို့ လာမယ့် ငါးနှစ်အတွက် ရာထူးနှစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

မဲခွဲပြီးနောက်မှာတော့ တိုလမ်က ရာထူးနှစ်ခုလုံးကို ထမ်းဆောင်ရတာဟာ ဂုဏ်ယူစရာဖြစ်ကြောင်းနဲ့ “သိပ္ပံ၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှုနဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့ကို အဓိကမောင်းနှင်အားအဖြစ် သုံးပြီး စီးပွားရေးဖွံ့ဖြိုးမှု ပုံစံသစ်တခု ဖော်ဆောင်မယ်” လို့ လွှတ်တော်အမတ်တွေကို ရုပ်သံကနေတဆင့် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးကဏ္ဍမှာလည်း ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်မှုကို ဦးစားပေးမယ်လို့ ဆိုပါတယ်။

 

“တိုလမ်ရဲ့ လက်ထဲမှာ အာဏာတွေ အလွန်အမင်း စုပြုံသွားတာဟာ ဗီယက်နမ်ရဲ့ နိုင်ငံရေးစနစ်အတွက် အန္တရာယ်ရှိနိုင်ပြီးအာဏာရှင်ဆန်မှုတွေ ပိုများလာနိုင်တယ်” လို့ စင်ကာပူအခြေစိုက် ISEAS Yusof Ishak အင်စတီကျုက အကြီးတန်းသုတေသနအရာရှိ လီဟောင်ဟီယက်က ပြောပါတယ်။

 

ဒါပေမဲ့ ဒီလို အာဏာစုစည်းမှုဟာ ဗီယက်နမ်အနေနဲ့ မူဝါဒတွေကို ပိုမြန်မြန်နဲ့ ပိုထိထိရောက်ရောက် ချမှတ်အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

 

“ဒီရာထူးနှစ်ခုကို ပေါင်းလိုက်တာဟာ ဗီယက်နမ်ရဲ့ ပြည်တွင်းနိုင်ငံရေးကို အခြေအနေသစ်တခုဆီ ပြောင်းလဲသွားစေမှာပါ။ အရင်က ဗီယက်နမ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး ယူဆထားတဲ့ စုပေါင်းခေါင်းဆောင်မှုစနစ်ဆိုတာတွေက အခုဆိုရင် အသုံးမဝင်တော့ဘူး” လို့ အမေရိကန်အခြေစိုက် အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာရေးဗဟိုဌာနက အလက်ဇန်းဒါး ဗူးဗင်းက ပြောပါတယ်။

 

၂၀၂၄ ခုနှစ်က ကွယ်လွန်သွားတဲ့ ပါတီအထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထရွန် ကွယ်လွန်ပြီးနောက်ပိုင်း လပိုင်းလောက် တိုလမ်ဟာ အဆိုပါ ရာထူးနှစ်ခုလုံးကို ခေတ္တယူခဲ့ဖူးပါတယ်။

 

စစ်တပ်ဗိုလ်ချုပ်ကြီး လောင်ကွမ်ကို နိုင်ငံတော်သမ္မတရာထူး လွှဲပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတောင် တိုလမ်ဟာ ဒီရာထူးကိုဆက်လက်ဆုပ်ကိုင်ထားသလိုမျိုးပဲ ခရီးစဉ်တွေ အများကြီးသွားခဲ့သလို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲတွေမှာလည်းနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့တာပါ။

 

အသက် ၆၈ နှစ်အရွယ် တိုလမ်ဟာ ပါတီအကြီးအကဲအဖြစ် ပထမဆုံး တာဝန်ယူစဉ်မှာပဲ ဗီယက်နမ်ကို ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အကြီးအကျယ် လုပ်ခဲ့လို့ ချီးကျူးတာရော ဝေဖန်တာပါ ခံခဲ့ရပါတယ်။

 

ဗီယက်နမ်ရဲ့ ပို့ကုန်ကဏ္ဍကို အဓိကထောက်ကူပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေရဲ့ လုပ်အားခသက်သာတဲ့ ကုန်ထုတ်လုပ်မှုအပေါ် မှီခိုနေရတာကို လျှော့ချပြီး ဖွံ့ဖြိုးရေးပုံစံသစ်နဲ့ ဂဏန်းနှစ်လုံးတွဲ စီးပွားရေးတိုးတက်မှုနှုန်းရအောင် လုပ်မယ်လို့ သူကကတိပြုထားပါတယ်။

 

တိုလမ်ရဲ့ အပြောင်းအလဲတွေကြောင့် အစိုးရအဖွဲ့နဲ့ စီးပွားရေးလောကမှာ တခါတလေ မတည်မငြိမ်ဖြစ်ခဲ့ရပေမဲ့ သူကတော့ အဲဒါတွေကို လက်တွေ့ကျကျနဲ့ လိုက်လျောညီထွေဖြစ်အောင် အကောင်အထည်ဖော်ပြခဲ့ပါတယ်။

 

သူဟာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းစုကြီးတွေ ချဲ့ထွင်လာတာကို ထောက်ခံသလို တဘက်မှာလည်း ရာထူးပြန်မရခင်မှာ ပါတီတွင်းက ရှေးရိုးစွဲသမားတွေကို စိတ်အေးစေဖို့အတွက် နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အလေးပေးတဲ့ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

 

ဗီယက်နမ်ရဲ့ ပို့ကုန်အခြေပြု စီးပွားရေးအတွက် အရေးပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ချီးကျူးလေ့ရှိကြပြီး တိုလမ်ကို စီးပွားရေးလိုလားတဲ့ ခေါင်းဆောင်တဦးအဖြစ် မြင်ကြပါတယ်။

 

ဒါပေမဲ့ သူက ပြည်တွင်းကုမ္ပဏီကြီးတွေကို အခွင့်ထူးပေးတာနဲ့ စီးပွားရေးကို အလွန်အမင်း အရှိန်မြှင့်တင်နေတာတွေကြောင့်မျက်နှာသာပေးမှု၊ အဂတိလိုက်စားမှု၊ စီးပွားရေးပူဖောင်းဖြစ်မှုနဲ့ လေလွင့်ပြုန်းတီးမှုတွေ ဖြစ်လာမှာကို တချို့က စိုးရိမ်နေကြပါတယ်။

 

နိုင်ငံခြားရေးမူဝါဒမှာလည်း တိုလမ်ဟာ လက်တွေ့ကျတဲ့သူပါ။ သူဟာ ဗီယက်နမ်ရဲ့ ဝါးရုံပင်သဖွယ် လိုက်လျောညီထွေရှိတဲ့သံတမန်ရေး (Bamboo Diplomacy) ကို ဆက်လက်ကျင့်သုံးနေသလို နိုင်ငံတကာ မိတ်ဘက်တွေကို တိုးချဲ့ရင်း အင်အားကြီးနိုင်ငံတွေကြားမှာ ဆက်ဆံရေးကို မျှခြေဖြစ်အောင် ကြိုးစားနေပါတယ်။

 

“တိုလမ်က ရာထူးနှစ်ခုလုံးကို ယူလိုက်တာဟာ ဗီယက်နမ်မှာ လူတယောက်တည်းလက်ထဲ အာဏာတွေ စုပုံသွားတယ်ဆိုတဲ့စိုးရိမ်မှုတွေ ရှိနေပေမဲ့ ဒါဟာ ဗီယက်နမ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အပြောင်းအလဲရှိလာမယ်ဆိုတဲ့ အချက်ပြမှုတော့ မဟုတ်ပါဘူး”လို့ ဘော်စတွန်ကောလိပ်က ဧည့်ပါမောက္ခ ခမ်းဗူးက ပြောပါတယ်။

Ref – Reuters