အသက်ရှူကြပ်နေတဲ့ မြစ်ဝကျွန်းပေါ် ဧရာဝတီ

ဧရာဝတီတိုင်းက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ပြုသမျှ နုနေရပြီး ရာသီဥတုဒဏ်တွေပါ ပေါင်းလို့ အသက်ရှုကြပ်နေရတယ် ဆိုတာပါပဲ။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ထဲက ဆင်လမ်းကျေးရွာ ဘုန်းကြီးကျောင်းဟာ ကော့ကပ်ချောင်းလို့ အလွယ်ခေါ်ကြတဲ့ ချောင်းရိုးနံဘေးမှာရှိတာပါ။ ဒါအပြင် ချောင်းရိုး ၃ ခွဆုံရဲ့ တဖက်မှာရှိနေပြီး မျက်နှာချင်းဆိုင်မှာတော့ နှဲကြိုးကျေးရွာဘုန်းကြီးကျောင်းနဲ့ ဝါးပတောကျေးရွာ ဘုန်းကြီးကျောင်းတို့ ရှိနေပါတယ်။

အကွာအဝေးအားဖြင့် ချောင်းရိုးတဖြတ်စာသာရှိပြီး လှမ်းအော်စကားပြောလို့တောင်ရတဲ့ ဒီဘုန်းတော်ကြီးကျောင်းတွေကို တချို့ရက်တွေမှာ နံနက် ၁၀ နာရီဝန်းကျင်ထိ မြူတွေဆိုင်းပြီး သေချာမြင်ရဖို့ ခက်တယ်လို့ ဆင်လမ်းကျေးရွာမှာ နေထိုင်တဲ့ မဇာဇာမြင့်က ဆိုပါတယ်။

ဒါဟာ မဇာဇာမြင့်ရဲ့အသက် ၃၇ နှစ်အရွယ်အထိ မကြုံခဲ့ဖူးတဲ့ မြူထူထပ်စွာကျဆင်းမှုပဲ ဖြစ်တယ်လို့ ကာယကံရှင်က ပြောပါတယ်။

“ တချို့ရက်တွေဆို ၁၀ နာရီလောက် နေမြင့်နေချိန်မှာတောင် မြူတွေက မကွဲချင်ဘူး။ နေ့တိုင်းတော့ မဟုတ်ဘူး။ တချို့ရက်တွေပေါ့ ” လို့ သူက ရှင်းပြတယ်။

ဆောင်းရာသီကို ကျော်ဖြတ်လာပြီးချိန် နွေဦးကာလဟာ ဧရာဝတီတိုင်းမှာ မြူပါးပါးကျဆင်းတတ်တဲ့ ရာသီဥတု အခြေအနေ ရှိတတ်ပါတယ်။ ဒါအပြင် တနှစ်ပတ်လုံး စိုက်ပျိုးရေးကို သီးထပ်အဖြစ် စိုက်ပျိုးကြတာကြောင့် အရင် နှစ်တွေတုန်းကတော့ နွေဦးရဲ့ နံနက်ခင်းတွေဟာ မြူပါးပါးနဲ့ သက်သောင့်သက်သာရှိခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၅ ခုနှစ်ရဲ့ ဆောင်းနှောင်းနဲ့ နွေဦးမှာတော့ နံနက်ခင်းတွေဟာ သက်သောင့်သက်သာ မရှိလောက်အောင်ကို လေထုသန့်စင်မှုဟာ လျော့ကျသွားခဲ့ပြီး လေထုညစ်ညမ်းမှု အညွှန်းကိန်းတွေဟာ မြင့်တက်လာခဲ့ပါတယ်။

တခါ ထူထူထဲထဲကျနေတဲ့ မြူတွေဟာလည်း PM 2.5 ဆိုတဲ့ အန္တရာယ်ရှိ အမှုန်တွေ များပြားတဲ့ မြူတွေဖြစ်လာခဲ့ပြီး နံနက်ခင်းမှာ အလုပ်လုပ်ကြရတဲ့ တောင်သူလယ်သမားတွေ အတွက်တော့ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကိုပါ ရင်ဆိုင်လာရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

“အများစုကတော့ မျက်စိစပ်တယ်။ ယားတယ်။ အသက်ရှုမဝဘူးပေါ့။ သူတို့က ရောဂါတခုခုကြောင့်လို့ ထင်ကြတယ်။ ဒါဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တာလို့ရှင်းပြရတယ် ” လို့ ဇလွန်မြို့ပေါ်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တဦးက DNA ကိုပြောပါတယ်။

ဇလွန်မြို့အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ် ၂၀ ကျော်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ရက်ပေါင်း ၂၀ ဝန်းကျင် လေထုညစ်ညမ်းမှု အညွှန်းကိန်း ၁၅၀ ကျော်မှာ ရှိခဲ့ပြီး ပုသိမ်၊ ဝါးခယ်မ၊ ဟင်္သာတနဲ့ မြန်အောင်မြို့တွေမှာ ၂၀၀ ကျော်ထိမြင့်တက်ခဲ့ပါတယ်။

ရာသီဥတုနဲ့ လေထုအညွှန်းကိန်းတွေကို စောင့်ကြည့်လေ့လာလို့ရတဲ့ ventusky ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်တွေအရတော့ မိုးရွာသွန်းမှုရှိခဲ့တဲ့ ကာလတွေမှာတောင်မှ လေထုညစ်ညမ်းမှုဟာ သိသိသာသာ လျော့ကျသွားခဲ့ခြင်း မရှိဘူးဆိုတာကို တွေ့ရပါတယ်။

“ပုံမှန်တော့ မိုးရွာလိုက်ရင် အမှုန်တွေကို သန့်စင်သလိုဖြစ်တော့ ညစ်ညမ်းမှု လျော့သွားတတ်တယ်။ ဒါပေမယ့် ဧရာဝတီတိုင်းမှာကျ ရွာတဲ့အချိန်တိုတယ် မိုးရေချိန်နည်းတယ်။ ပြောရရင်တော့ ညစ်ညမ်းတဲ့အမှုန်တွေက မိုးရေထက် အဆပေါင်းများစွာ များနေတာမို့ လျော့ကျမသွားတာပေါ့ ဒီလိုပြောလို့ ရနိုင်ပါတယ် ” လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံဟာ လေထုညစ်ညမ်းမှုဆိုတဲ့ စကားလုံးကို ထဲထဲဝင်ဝင် ထိတွေ့ခဲ့တာဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မီးခိုးမြူတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အထိ (အညွှန်းကိန်း ၂၀၀ ဝန်းကျင်)မှာရှိနေခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်က ဧရာဝတီတိုင်းရဲ့ လေထုညစ်ညမ်းမှု အညွှန်းကိန်းကိုတော့ စာရင်းတွေအရ မသိနိုင်ခဲ့ပေမယ့် လက်ရှိ ဧရာဝတီတိုင်းက လူတွေခံစားနေရတဲ့ လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေတော့ မရှိခဲ့ဘူးလို့ DNA ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“မနှစ်ကစဖြစ်တယ် အသက်ရှုရ ခက်တယ်၊ ခေါင်းကိုက်တယ်လို့ ခံစားရတုန်းက နေပြင်းလို့ပဲလို့ ထင်တာပေါ့။ ဒီနှစ်တော့ ပိုဆိုးလာတယ် နှာခေါင်းတွေယားတယ် မျက်စိတွေယားတယ် ” လို့ မြန်အောင်မြို့မှာနေထိုင်တဲ့ မဟေမာဦးက ပြောပါတယ်။ မြန်အောင်မြို့ဟာ လက်ရှိအချိန်မှာကို ကျန်းမာရေးကို ထိခိုက်စေတဲ့အထိ လေထုညစ်ညမ်းမှု အညွှန်းကိန်း မြင့်တက်နေတဲ့ ဒေသထဲမှာ ပါဝင်နေဆဲပါပဲ။

ဘာကြောင့် ဒီဘက်နှစ်တွေမှာ ဧရာဝတီတိုင်းထဲ လေထုညစ်ညမ်းမှုတွေ မြင့်တက်လာရတာလဲ။

အဖြေကတော့ လေထုထဲမှာ ပါဝင်နေတဲ့ အမှုန်တွေ များသထက်များလာတာကြောင့်လို့ နားလည်လွယ်အောင် ပြောနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကို အဓိကဖြစ်စေတာကတော့ မီးခိုးတွေပါပဲ။

PM 2.5 ၊ PM 10၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ အိုဇုန်းဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ လေထုညစ်ညမ်းစေတဲ့ အမှုန်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဘယ်အမှုန်တွေက များနေရင် ဘာဆိုးကျိုးတွေ ပိုဖြစ်စေနိုင်လဲ ဆိုတာမျိုး တိတိကျကျ ခွဲခြမ်းနိုင်ပေမယ့် သေချာတာကတော့ ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုတာပါပဲ။

၂၀၂၆ ခုနှစ် ဆောင်းနှောင်းနဲ့ နွေဦးရာသီမှာ ဖြစ်ပေါ်ခဲ့တဲ့ လေထုညစ်ညမ်းမှုတွေကို လေ့လာကြည့်ရာမှာတော့ အမှုန်အရွယ်အစား PM 2.5 လို့သတ်မှတ်ထားတဲ့ အမှုန်တွေ မြင့်တက်နေတာကို သေသေချာချာ တွေ့မြင်နိုင်ပါတယ်။

PM 2.5 ဟာဆံပင်တမျှင်ရဲ့ အချင်းထက်တောင် သေးငယ်ပြီး အသက်ရှုလမ်းကြောင်းထဲက အမှုန်စစ်ထုတ်နိုင်မှုတွေကိုပါ ကျော်လွှားသွားနိုင်ပါတယ်။ ဒါကြောင့် အသက်ရှုလမ်းကြောင်းကတဆင့် အဆုတ်ထဲကို ဝင်ရောက်ပြီး အဆုတ်နဲ့ နှလုံးကို တိုက်ခိုက်နိုင်တဲ့ ရောဂါတွေကို ဖြစ်ပွားစေပါတယ်။

ဒီအမှုန်လေးတွေ ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းကတော့ မီးလောင်၊ မီးရှို့မှုနဲ့ စက်ရုံတွေက ထွက်လာတဲ့ မီးခိုးအမှုန်တွေ ကြောင့်ပါပဲ။

“ရန်ကုန်လို နေရာမျိုးမှာ PM 2.5 မြင့်တက်လာတယ်ဆိုရင် ဒါက ကားတွေ၊ စက်ရုံတွေ အိမ်တွေကနေ ထွက်လာတာတွေလို့ ကောက်ချက်ချလို့ရတယ်။ ဧရာဝတီတိုင်းမှာဆိုရင်တော့ လယ်တွေ မီးရှို့တာမျိုးကြောင့် ဖြစ်နိုင်တယ်။ လယ်တွေကို ပြုံပြီး မီးရှို့တာမျိုး မရှိဘူးဆိုရင်တော့ ဒီမီးခိုးတွေဟာ ဘယ်ကလာသလဲပေါ့ ” လို့ မိုးဇလက ဝန်ထမ်းက မေးခွန်းထုတ်ပါတယ်။

၁၂ လရာသီလုံး သီးနှံတွေစိုက်ပျိုးကြပြီး လေထုညစ်ညမ်းမှုကို လျော့ချနိုင်တဲ့ အစိမ်းရောင်ရှိတဲ့ သီးနှံတွေနဲ့ အမှုန်တွေကို ဖမ်းယူတားဆီးပေးတဲ့ အရွက်မှာ အမွှေးပါတဲ့ သီးနှံတွေကို ဖောဖောသီသီ စိုက်ပျိုးကြတဲ့ ဧရာဝတီတိုင်းမှာ ဘာလို့ ဒီလောက်ထိ လေထုညစ်ညမ်းမှုတွေ မြင့်တက်လာရတာလဲ။

ဧရာဝတီတိုင်းဟာ ၂၀၂၃ ခုနှစ်အထိ လယ်ယာထွက်ကုန်တွေရဲ့ ဈေးနူန်းကျဆင်းမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ဆောင်းသီးနှံနဲ့ နွေစပါးတွေကို ဧကသိန်း ၁၀ နဲ့ချီ စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် စစ်မှုထမ်း ဥပဒေပေါ်လာပြီး ပေါ်တာဆွဲတာတွေနဲ့ စစ်မှုထမ်းထောက်ပံ့ကြေး အပါအဝင် အထွေထွေကြပ်တည်းမှုတွေကြားမှာ ၂၀၂၄ ခုနှစ်ကစလို့ မိုးစပါးစိုက်ပျိုးနူန်းမှာပါ ကျဆင်းလာခဲ့ပြီး ၂၀၂၅ – ၂၆ ဆောင်းသီးနှံ၊ နွေစပါး စိုက်ပျိုးချိန်မှာတော့ စိုက်ပျိုးနိုင်မှုဟာ သိသိသာသာလျော့ကျလာခဲ့ပါတယ်။

DNA က စုံစမ်းလေ့လာထားမှုအရ ဇလွန်၊ ဟင်္သာတ၊ ကျုံပျော်၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်းနဲ့ အင်္ဂပူမြို့တွေမှာရှိတဲ့ နွေစပါးစိုက်ပျိုးတဲ့ လယ်တွေရဲ့ လေးပုံ တပုံဟာ စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါအပြင် ၂၀၂၅ ခုနှစ် နှစ်စပိုင်းကစလို ဧရာဝတီတိုင်းရဲ့ ဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပြီး ကျေးရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာ စတာတွေ ရှိလာခဲ့ပါတယ်။ ဧရာဝတီနဲ့ ထိစပ်နေတဲ့ ရခိုင်နဲ့ ပဲခူးတိုင်းဘက်မှာလည်း တိုက်ပွဲတွေ ပိုစိတ်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဟာလည်း စိတ်လာခဲ့ပါတယ်။

ပင်လယ်လေစီးကြောင်းထဲမှာရှိနေတဲ့ စစ်ပွဲကြောင့် ဖြစ်လာတဲ့ မီးခိုးတွေအပြင် ဘင်္ဂလား ပင်လယ်အော်အတွင်းကနေ ဝင်ရောက်လာတဲ့ လေတွေကိုယ်တိုင်ကလည်း မီးခိုးမှုန်တွေက မြင့်တက်နေခဲ့ပါတယ်။ ဒီလေတွေဟာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းထဲကို နေ့တိုင်း ဖြတ်သန်းနေတာပါ။

“ ကျွန်တော်တို့က မီးခိုးတွေကို မတားနိုင်ရင် လေထုညစ်ညမ်းမှုက လျော့ကျသွားမှာ မဟုတ်ဘူး ပိုတိုးလာဖို့ပဲရှိမယ် ” လို့ မိုးဇလ ပညာရှင်ဦးဝင်းနိုင်က ဆိုပါတယ်။

ဒါပေမယ့် ဘင်္ဂလားပင်လယ်အော်ထဲက မီးခိုးမှုန်တွေပါတဲ့ လေစီးကြောင်းဟာ နှစ်တိုင်းလိုလို ဧရာဝတီတိုင်းထဲကို ဝင်ရောက်နေကြပါပဲ။

ဧရာဝတီတိုင်းက ဒေသခံတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်ထားနိုင်မှု အားကောင်းတာကြောင့် “ ဒလန်ဝတီတိုင်း ” လို့ နာမည်တပ်ခံရတဲ့အထိ ၄ နှစ်ဝန်းကျင် ငြိမ်သက်နေခဲ့တဲ့ ဒေသတခုပါ။

ဒါပေမယ့် စစ်အာဏာရှင်ရဲ့ ဆိုးမွေတွေကိုတော့ တိမ်းရှောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ စစ်မှုထမ်း ဥပဒေဟာလည်း သူတို့ရဲ့ ဘဝတွေကို နှောက်ယှက် ဖျက်ဆီးပစ်နိုင်တဲ့ အထိ အားကောင်းခဲ့ပါတယ်။

စစ်ကောင်စီ စိုးမိုးတဲ့နယ်မြေဖြစ်တာကြောင့် စစ်မှုထမ်းပေါ်တာဆွဲခြင်းနဲ့ စစ်မှုထမ်းထောက်ပံ့ကြေး ပေးဆောင်ရတာတွေကို မငြင်းဆန်နိုင်ခဲ့ကြသလို တဖက်မှာလည်း စိုက်ပျိုးရေးထွက်ကုန် သီးနှံဈေးကွက်မှာလည်း အရှုံးတွေ ဆက်လာခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဧရာဝတီတိုင်းက ဒေသခံတွေဟာ အသက်ရှုမဝနိုင်တဲ့၊ အိပ်မပျော်နိုင်တဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားနေကြရတာပါ။ ဒီလိုအခြေအနေမှာမှ လေထုညစ်ညမ်းမှုဟာလည်း ထပ်တိုးလာခဲ့သလို နေ့အပူချိန်တွေဟာလည်း ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ဖို့ ရှိနေပြန်ပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ စစ်အာဏာရှင် ပြုတ်ကျမှ ဒီအခြေအနေတွေကို ပြန်လည်ထိန်းကြောင်းနိုင်မှာမို့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်တာတွေ ရှိနေပေမယ့် ဒေသခံတွေကတော့ ဘာလုပ်ရမလဲဆိုတာကို ဝေးဝါးနေဆဲပါပဲ။

သေချာတာကတော့ ဧရာဝတီတိုင်းက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ပြုသမျှ နုနေရပြီး ရာသီဥတုဒဏ်တွေပါ ပေါင်းလို့ အသက်ရှုကြပ်နေရတယ် ဆိုတာပါပဲ။

မဇာဇာမြင့်ကတော့ “ ဘယ်လိုခံစားရလဲဆိုတော့ အသက်ရှုကြပ်တယ်။ မျက်လုံးစပ်တယ် မျက်ရည်တွေ အလိုလိုကျတယ်။ မောတယ်။ နောက်ပြီး ခေါင်းကိုက်တယ် ” တဲ့။