စားအုန်းဆီတပိဿာ တသောင်းရှစ်ထောင် ဝန်းကျင်ထိစျေးတက်နေပြီး ဝယ်ရခက်နေ

“တလမှာမှ ငါးဆယ်သားပဲ ခွဲတမ်းရောင်းတာလေ။ မြို့နယ်အလိုက်ရတဲ့ ခွဲတမ်းဆီတွေ အများကြီး။ အဲဒါကိုမှ အပြင်ထုတ် ရောင်းကြတာများတော့ စျေးကြီးကုန်တာပေ့ါ”

၂၊ ဧပြီ။

ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ စားအုန်းဆီစျေးဟာ တပိဿာကို ကျပ် ၁၈၀၀၀ ဝန်းကျင်ထိ စျေးတက် နေပြီး တချို့ကျေးရွာတွေမှာ ဝယ်ရခက်ပြီး ပစ္စည်းပြတ်နေပါတယ်။

စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ စားအုန်းဆီ ရည်ညွှန်းစျေးဟာ တပိဿာကို ကျပ်ရှစ်ထောင်ဝန်းကျင်သာ ဖြစ်ပေမယ့် ပြင်ပဆိုင်တွေမှာ ကျပ် ၁၈၀၀၀ ထိ စျေးတင် ရောင်းနေကြတာပါ။

“စာအုပ်နဲ့ ဝယ်ရင် ရှစ်ထောင်၊ အပြင်ဆိုင်တွေမှာ ၁၆၀၀၀၊ ၁၈၀၀၀ ပေးရတယ်။ အခုကတော့ ဝယ်လို့မရဘူး ပြတ်နေတယ်။ စျေးကြီးတာက စားအုန်းဆီ သိပ်မဝင်ဘူးပြောတယ်။ ပြီးရင် ဆီစျေးတွေတက်လို့ စရိတ်ကြီးတာကြောင့်လို့ ပြောကြတာပဲ” လို့ ဧရာ၀တီတိုင်း ဇလွန်မြို့နယ်မှ အိမ်ရှင်မတဦးဖြစ်တဲ့ ဒေါ်ကြည်က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စားအုန်းဆီတပိဿာကို ကျပ် ၁၂၀၀၀ ဝန်းကျင်သာ စျေးရှိခဲ့ရာကနေ မတ်လလယ်ကနေစပြီး စျေတွေတဟုန်ထိုး တက်သွားခဲ့တာပါ။ အဲဒီလို စျေးတွေတက်သွားတာဟာ စက်သုံးဆီ စျေးတက်တာရဲ့ နောက်ဆက်တွဲ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးတာအပြင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အပြင်ထုတ်ရောင်းမှုကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“တလမှာမှ ငါးဆယ်သားပဲ ခွဲတမ်းရောင်းတာလေ။ မြို့နယ်အလိုက်ရတဲ့ ခွဲတမ်းဆီတွေ အများကြီး။ အဲဒါကိုမှ အပြင်ထုတ် ရောင်းကြတာများတော့ စျေးကြီးကုန်တာပေ့ါ” လို့ မြန်အောင်မြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ဒေသထွက် ပဲဆီစျေးကတော့ တပိဿာကို ကျပ် ၁၆၀၀၀ ဝန်းကျင်စျေးရှိနေပြီး လက်ရှိမှာ ပဲဆီပဲ သုံးနေကြရတယ်လို့ ဆိုပါတယ်။ “ပဲဆီပဲ ဝယ်သုံးရတယ်။ စားအုန်းဆီ မရဘူး ဝယ်လို့၊ အကြော်ကြော်တာမှာ ဒီလောက်စျေးကြီးနေ ရင် မကိုက်ဘူး” လို့ ဖျာပုံမြို့နယ်မှ အကြော်ရောင်းနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်း မြို့နယ်အချို့မှာ အဲဒီလို စားအုန်းဆီတွေကို ရည်ညွှန်းစျေးအတိုင်း ခွဲတမ်းကျ ရောင်းချပေး နေပေမယ့်  တချို့မြို့နယ်တွေမှာတော့ အပြင်ဆိုင်တွေကပဲ ဝယ်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ဟာ စားအုန်းဆီတွေကို စျေးမတက်အောင် ကြပ်မတ်ပြီး ရောင်းချပေးနေတယ်လို့ ဆိုပေမယ့် အောက်ခြေမှာတော့ ပြင်ပအရောင်းဆိုင်တွေက စျေးတင်ရောင်းနေကြတာပါ။