နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် လူလိုက်ပါတဲ့ လကမ္ဘာခရီးစဉ် နာဆာစတင်

 

သူတို့ဟာ လူသားတွေ အရင်က မရောက်ဖူးသေးတဲ့ အာကာသအနက်ရှိုင်းဆုံးနေရာအထိ သွားကြမှာဖြစ်ပါတယ်။

၂၊ ဧပြီ။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ (NASA) ရဲ့ အာတီးမစ် ၂ မစ်ရှင်အတွက် အာကာသယာဉ်မှူး လေးဦးဟာ ဧပြီ ၁ရက်၊ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ်ကနေ လကမ္ဘာဆီကိုထွက်ခွာသွားပါပြီ။

ဒါဟာ ၁၀ ရက်ကြာ လကမ္ဘာကို ပတ်ရမယ့် အလွန်အရေးကြီးတဲ့ခရီးစဉ်တခုဖြစ်သလို တရုတ်နိုင်ငံက မဦးခင် အမေရိကန်ဟာ ဆယ်စုနှစ်အတွင်းမှာပဲ လကမ္ဘာပေါ်ကို လူပြန်တင်နိုင်ဖို့ အရှိန်အဟုန်အပြင်းဆုံး ခြေလှမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ်။

ထိပ်ဖူးမှာ အိုရိုင်ယွန် အာကာသယာဉ် တပ်ဆင်ထားတဲ့ နာဆာရဲ့ SLS ဒုံးပျံကြီးဟာ ကနေဒီ အာကာသစင်တာမှာဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီ ၃၅ မိနစ် (စင်ကာပူစံတော်ချိန် ကြာသပတေးနေ့ မနက် ၆ နာရီ ၃၅ မိနစ်) မှာ အမေရိကန် အာကာသယာဉ်မှူး သုံးဦးနဲ့ ကနေဒါ အာကာသယာဉ်မှူး တဦးတို့ကို တင်ဆောင်သွားပါတယ်။

နာဆာ အာကာသယာဉ်မှူးတွေဖြစ်တဲ့ ရိဒ်ဝိုက်စ်မင်း၊ ဗစ်တာဂလိုဗာ၊ ခရစ္စတီးနားကော့ခ်နဲ့ ကနေဒါ အာကာသအေဂျင်စီက ဂျယ်ရမီဟန်ဆန်တို့ လေးဦးဟာ လကမ္ဘာကိုပတ်ပြီး ကမ္ဘာမြေကိုပြန်လာမယ့် ၁၀ ရက်ကြာ ခရီးစဉ်ကို စတင်နေပါပြီ။

သူတို့ဟာ လူသားတွေ အရင်က မရောက်ဖူးသေးတဲ့ အာကာသအနက်ရှိုင်းဆုံးနေရာအထိ သွားကြမှာဖြစ်ပါတယ်။

“ကျွန်တော် ဂျယ်ရမီပါ။ ကျွန်တော်တို့ အားလုံးဟာ လူသားထုတရပ်လုံးအတွက် သွားနေကြတာပါ” လို့ အာကာသယာဉ်ထဲမှာအသင့်နေရာယူထားတဲ့ ဟန်ဆန်က ဒုံးပျံမလွှတ်တင်ခင် မိနစ်ပိုင်းအလိုမှာ ထိန်းချုပ်ရေးစခန်းကို ပြောခဲ့ပါတယ်။

“ရိဒ်၊ ဗစ်တာ၊ ခရစ္စတီးနားနဲ့ ဂျယ်ရမီ၊ ဒီသမိုင်းဝင်ခရီးစဉ်မှာခင်ဗျားတို့ဟာ အာတီးမစ်အဖွဲ့သားတွေရဲ့ နှလုံးသား၊ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မိတ်ဘက်တွေရဲ့ သတ္တိရှိတဲ့စိတ်ဓာတ်၊ နောက်ပြီး မျိုးဆက်သစ်တွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေကို သယ်ဆောင်သွားကြတာဖြစ်တယ်” လို့ လွှတ်တင်ရေးညွှန်ကြားရေးမှူး ချာလီ ဘလက်ဝဲလ် သော်မဆင်ကဆက်သွယ်ရေးလိုင်းကနေတဆင့် ပြောကြားခဲ့ပါတယ်။

“ကံကောင်းကြပါစေ၊ အာတီးမစ် ၂၊ သွားကြစို့” လို့လည်း သူကထပ်ပြောပါတယ်။

သုံးနှစ်နီးပါး လေ့ကျင့်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် သူတို့ဟာ နာဆာရဲ့ အာတီးမစ် အစီအစဉ်မှာ ပထမဆုံး ပျံသန်းရမယ့် အုပ်စုဖြစ်လာပါတယ်။

အဆိုပါ အစီအစဉ်ဟာ လကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ ရေရှည်ခြေကုပ်စခန်းတခု တည်ဆောက်နိုင်ဖို့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

နာဆာအနေနဲ့ အီလွန်မတ်စ်ရဲ့ SpaceX လိုမျိုး ပိုသက်သာတဲ့ပုဂ္ဂလိက ဒုံးပျံတွေကို ပိုပြီး အားကိုးလာနေရချိန်မှာ အထပ် ၃၀အမြင့်ရှိတဲ့ ဒီ SLS ဒုံးပျံကြီးက လူတွေကို အာကာသထဲ ဘေးကင်းကင်း ပို့ဆောင်ပေးနိုင်တယ်ဆိုတာကို ဘိုးအင်းနဲ့ နော့သရော့ပ် ဂရပ်မန်းကုမ္ပဏီတို့က သက်သေပြနိုင်ခဲ့တာပါ။ ဒါဟာဆယ်စုနှစ်တခုကျော် ကြိုးပမ်းခဲ့ရတဲ့ အောင်မြင်မှုတခုလည်းဖြစ်ပါတယ်။

လော့ခ်ဟိဒ် မာတင်ကုမ္ပဏီက တည်ဆောက်ထားတဲ့ အိုရိုင်ယွန်ယာဉ်ငယ်လေးဟာ အာကာသထဲရောက်ပြီး သုံးနာရီခွဲအကြာမှာဒုံးပျံကနေ သီးခြားခွဲထွက်မှာပါ။

အဲဒီနောက် အာကာသယာဉ်မှူးတွေက ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး ထိန်းချုပ်မှုစနစ်တွေကို စမ်းသပ်ကြမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ်လောက်မှာ လပေါ်ကို လူလွှတ်ဖို့ ပြင်ဆင်နေတာကြောင့် နာဆာအနေနဲ့ ၁၉၇၂ ခုနှစ် အပိုလို ခရီးစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် လပေါ်လူတင်နိုင်ဖို့ဖိအားတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

အာတီးမစ် ၂ ခရီးစဉ်ဟာ အာကာသယာဉ်မှူးတွေကိုကီလိုမီတာ ၄၀၆,၀၀၀ အကွာအဝေးအထိ ပို့ဆောင်ပေးမှာဖြစ်လို့ ဒါဟာ လူသားတွေ အာကာသထဲမှာ အဝေးဆုံးရောက်မယ့်စံချိန်သစ် ဖြစ်လာပါလိမ့်မယ်။

အခုလက်ရှိ အဝေးဆုံးစံချိန်ကတော့ ၃၉၉,၁၁၇ ကီလိုမီတာ ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်က အပိုလို ၁၃ အဖွဲ့က ရောက်ရှိခဲ့တဲ့ အကွာအဝေးပါ။

အဲဒီတုန်းက အောက်ဆီဂျင်တိုင်ကီ ပေါက်ကွဲတဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် လပေါ် မဆင်းသက်နိုင်ခဲ့ဘဲ ပြန်လှည့်ခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တဲ့ SLS စီမံကိန်းဟာ တကြိမ်လွှတ်တင်တိုင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကနေလေးဘီလီယံအထိ ကုန်ကျစရိတ်တွေ တက်နေတာကြောင့်လည်း နာမည်ကြီးပါတယ်။

 

Ref – Reuters