ကမ္ဘာ့အပူဆုံး ၁၅ မြို့ထဲ ဟင်္သာတ ပါဝင်လာ

“ အခုက လေထုညစ်ညမ်းမှုကလည်းရှိတော့ ရှိတဲ့အပူထက် ပိုပူတယ်လို့ လူတွေကထင်ကြတယ်။ နေရတာက ပူလောင်အိုက်စပ်တယ် အသက်ရှုမဝဘူးဆိုတဲ့ ပြဿနာတွေကို ရင်ဆိုင်ရတာကိုး။

၁၊ ဧပြီ။

ဒီကနေ့အတွက် ကမ္ဘာ့အပူဆုံးမြို့တွေရဲ့ ထိပ်ဆုံး ၁၅ မြို့စာရင်းထဲမှာ ဧရာဝတီတိုင်းက ဟင်္သာတမြို့နယ်လည်း ပါဝင်လာပါတယ်။

ကမ္ဘာ့အပူချိန်တွေကို ပြသပေးနေတဲ့ ဝက်ဘ်ဆိုက်တွေရဲ့ နှိုင်းယှဉ်ချက်တွေအရ ဟင်္သာတမြို့ဟာ အပူဆုံးမြို့တွေရဲ့ နံပါတ်စဉ် ၁၃ မှာပါဝင်လာတာဖြစ်ပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှာ ရှိနေတာပါ။

“ထပ်ပူဖို့ ရှိဦးမလား ဆိုရင်တော့ နွေဖြစ်တာကြောင့် ထပ်ပူလာဦးမှာပါ။ ဒါပေမယ့် အပူလှိုင်းဖြတ်ဖို့ ဆိုတာမျိုးတော့ မရှိသေးပါဘူး ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က DNA ကိုပြောပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့အပူဆုံးမြို့ရဲ့ နံပါတ် ၁ မှာ မကွေးတိုင်းထဲက မင်းဘူးမြို့နယ်ဟာ ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိပ်ဆုံးက ၁၅ မြို့နယ်စာရင်းမှာ မြန်မာနိုင်ငံက ၈ မြို့နယ်ထိ ပါဝင်နေတာဖြစ်ပါတယ်။

အမြင့်ဆုံး အပူချိန်အဖြစ် ရှိနေတာဟာ နေ့စဉ်ဖြစ်နေတာမျိုး မဟုတ်ပဲ မြို့တွေရဲ့ အပူချိန်တွေကို နှိုင်းယှဉ်ဖော်ပြတဲ့ သဘောဖြစ်တာကြောင့် အပူဆုံးမြို့တွေထဲမှာ နာမည်စာရင်းပါလာတာဟာ သတိထားစရာဖြစ်ပေမယ့် ကြီးမားတဲ့ အန္တရာယ်မျိုးတော့ မဟုတ်ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

“ အခုက လေထုညစ်ညမ်းမှုကလည်းရှိတော့ ရှိတဲ့အပူထက် ပိုပူတယ်လို့ လူတွေကထင်ကြတယ်။ နေရတာက ပူလောင်အိုက်စပ်တယ် အသက်ရှုမဝဘူးဆိုတဲ့ ပြဿနာတွေကို ရင်ဆိုင်ရတာကိုး။ ဒါကိုပဲ အပူလှိုင်းဖြတ်မယ်ဆိုတာမျိုးတွေ ပြောနေတာတွေ ရှိတယ်။ မဟုတ်ပါဘူး။ ရှိမယ်ဆို ကျွန်တော်တို့ ကြေညာပေးမှာပါ ” လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့်လည်း မြန်မာနိုင်ငံအတွက် ဧပြီလဟာ အပူချိန်မြင့်မားတဲ့ ပူပြင်းခြောက်သွေ့ရာသီ ဖြစ်တာကြောင့် ရှေ့လာမယ့်ရက်တွေမှာ အပူချိန်ပိုတက်လာနိုင်တာကြောင့် ရုတ်တရက် ရှော့ခ်ဖြစ်သွားစေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အထူးဂရုစိုက်ကြဖို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။

နေပူထဲသွားရင် အပူကိုစုပ်ယူမထားနိုင်တဲ့ အဝတ်အထည်မျိုး၊ အသားအရည်ကို လုံလုံခြုံခြုံရှိတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ဖို့၊ ထီး၊ ဦးထုတ်စတာမျိုးတွေ ဆောင်းကြဖို့၊ အပြင်က ပြန်လာလာခြင်း ရေချိုးတာ၊ ခြေထောက်ရေဆေးတာ စတာတွေကို ရှောင်ရှားကြဖို့ အပါအဝင် အပူရှပ်ခြင်း (Heat Shock) လက္ခဏာတွေကို ဂရုစိုက်ကြဖို့၊ ရေများများသောက်ကြဖို့ စတာတွေကိုလည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေက တိုက်တွန်းထားပါတယ်။