
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၈ အရ လူတဦးတယောက်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတာ ဒါမှမဟုတ် အမုန်းပွားစေတာ၊ အထင်သေးခံရအောင်လုပ်ဆောင်တဲ့ အကြောင်းအရာတွေအတွက် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ဘတ်ငွေ နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
၁၊ ဧပြီ။
ဧပြီဖူးလ်နေ့မှာ အပျော်အပြက် တင်ဆက်မှုတွေဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ ထိုင်းအစိုးရက ဧပြီလ ၁ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ထိခိုက်နစ်နာမှုတွေ ဒါမှမဟုတ် အများပြည်သူ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်စေမယ့် သတင်းအမှားတွေနဲ့ အထင်အမြင်လွဲမှားစေမယ့် တင်ဆက်မှုတွေဟာ ထောင်ဒဏ်၊ ငွေဒဏ်တွေ အပါအဝင် ရာဇဝတ်မှုကြောင်းအရ အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။
အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ အီရင် ဖန်ရစ်ကတော့ ဧပြီဖူးလ်နေ့မှာ လူတွေဟာ အပျော်အပါးအတွက် နောက်ပြောင်တာတွေ ဒါမှမဟုတ် သတင်းအမှားတွေကို မျှဝေလေ့ရှိကြတယ်လို့ ပြောပါတယ်။
ဒီလိုနောက်ပြောင်တာတွေဟာ ရင်းနှီးမှု တည်ဆောက်တာနဲ့ စိတ်ဖိစီးမှုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပေမဲ့ တခြားသူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေတာ ဒါမှမဟုတ် အများပြည်သူကို ထိတ်လန့်သွားစေတာမျိုးတွေဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
အထူးသဖြင့် သတင်းအမှားတွေကို လူမှုကွန်ရက်ပေါ် တင်ပြီး အရှိန်အဟုန်နဲ့ပြန့်နှံ့သွားတဲ့အခါမျိုးမှာ ပိုဆိုးတယ်လို့ ပြောပါတယ်။
တခြားသူတွေကို ထိခိုက်စေရင် ဒါမှမဟုတ် ထိတ်လန့်မှု ဖြစ်စေရင် နောက်ပြောင်တာပဲ ဖြစ်ဖြစ်၊ သတင်းအမှားတွေ ဖန်တီးတာနဲ့ ဖြန့်ဝေတာတွေကိုရှောင်ကြဉ်ကြဖို့ ထိုင်းနိုင်ငံတော် ရဲတပ်ဖွဲ့ကတဆင့် အစိုးရက တိုက်တွန်းထားပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၈ အရ လူတဦးတယောက်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတာ ဒါမှမဟုတ် အမုန်းပွားစေတာ၊ အထင်သေးခံရအောင်လုပ်ဆောင်တဲ့ အကြောင်းအရာတွေအတွက် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ဘတ်ငွေ နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
၂၀၀၇ ခုနှစ် ကွန်ပျူတာဆိုင်ရာ ရာဇဝတ်မှုဥပဒေနဲ့ ပြင်ဆင်ချက် ပုဒ်မ ၁၄(၁)၊ (၂) နဲ့ (၁၅) အရ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ဘေးကင်းရေး၊စီးပွားရေး ဒါမှမဟုတ် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ထိခိုက်စေမယ့် သတင်းအမှားတွေကို ကွန်ပျူတာစနစ်ထဲ ထည့်သွင်းတာ ဒါမှမဟုတ်ဖြန့်ဝေတာတွေအတွက် ထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ ဘတ်ငွေ တသိန်းအထိ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေကြောင့် ကမ္ဘာ့စွမ်းအင်အခြေအနေအပေါ် ရိုက်ခတ်မှုတွေ ရှိနေတဲ့အတွက် အများပြည်သူ ယုံကြည်မှုရှိနေစေဖို့ တိကျမှန်ကန်ပြီး အကျိုးရှိတဲ့ သတင်းအချက်အလက်တွေကိုပဲမျှဝေကြဖို့ အစိုးရက တိုက်တွန်းထားတယ်လို့ အီရင်က ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် သတင်းအချက်အလက်တွေကို မမျှဝေခင်မှာ အရင်ဆုံး စစ်ဆေးကြဖို့ သူမက အကြံပြုထားပါတယ်။
သတင်းအမှားတွေကြောင့် ထိခိုက်နစ်နာသူတွေ ဒါမှမဟုတ် ဝေခွဲမရဖြစ်စေတဲ့ အကြောင်းအရာတွေကို တွေ့ရှိသူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းတွေမှာတိုင်ကြားနိုင်သလို အရေးပေါ်ဖုန်း ၁၉၁ ဒါမှမဟုတ် ထိုင်းရဲတပ်ဖွဲ့ရဲ့ ဟော့လိုင်းဖုန်း ၁၅၉၉ ကို ၂၄ နာရီပတ်လုံး ဆက်သွယ် သတင်းပေးပို့နိုင်တယ်လို့အသိပေးထားပါတယ်။
Ref – Khaosodenglish