
“ လယ်ရှိသူကလယ်ရောင်းဖို့ ကိုင်းရှိသူက ကိုင်းရောင်းဖို့ပဲ တချိန်လုံး ကြားနေရတာပါပဲ။ ဓနုဖြူမှာ ဆေးသွားဝယ်(စိုက်ပျိုးရေးသုံး ဆေးပစ္စည်း)ရင်လည်း ဆုံမိကြရင် လယ်ရှုံးကြတဲ့အကြောင်း၊ ဆက်မလုပ်နိုင်တော့ကြောင်းတွေပဲ ကြားနေရတာ ”
၃၁၊ မတ်လ။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ထဲက လယ်ပိုင်ရှင်၊ လယ်သမားတွေဟာ လာမယ့်နှစ်ကို လယ်ဆက်စိုက်ဖို့ အဆင်မပြေတော့တာကြောင့် လယ်ရောင်းပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြဖို့ စီစဉ်နေကြပေမယ့် ဝယ်မယ့်သူမရှိဘူး ဖြစ်နေပါတယ်။
DNA ကစုံစမ်းသိရှိရသမျှ ဓနုဖြူမြို့နယ်ထဲက နှဲကြိုး၊ ဖက်သောင် စတဲ့ကျေးရွာအုပ်စုတွေအပါအဝင် မြောက်ဘက်ပိုင်းက ကျေးရွာတွေမှာ လယ်ရောင်းဖို့ စီစဉ်နေကြတဲ့ လယ်သမားပေါင်း ၂၀ နဲ့ အထက်ရှိပြီး လယ်ဧကပေါင်း ရာနဲ့ချီရှိနေပါတယ်။ ဒါဟာ DNA က လက်လှမ်းမီသလောက် အတည်ပြုထားနိုင်တဲ့ အရေအတွက်ပဲရှိပါသေးတယ်။
“ ကျွန်တော်လာမယ့် မိုးစပါးကို ကြဲခင်းတောင် မလုပ်နိုင်လောက်တော့ဘူး။ ခုကို အကြွေးကတော်တော်ပိနေပြီ။ ရောင်းပြီးထိုင်းသွားရမလား မလေးသွားရမလား မိသားစုနဲ့ တိုင်ပင်နေတယ်။ အခု ကျွန်တော်တို့ရွာအုပ်စုမှာ အဲ့လိုပဲတွေးပြီး အချင်းချင်း တိုင်ပင်နေကြသူတွေချည်းပဲ။ ဒါပေမယ့် ရောင်းမယ့်သူပဲများတာ ဝယ်မယ့်သူမရှိဘူး ” လို့ နှဲကြိုးကျေးရွာအုပ်စု အပိုင်ထဲမှာပါဝင်တဲ့ ရိုးကြီး ကျေးရွာမှာနေထိုင်တဲ့ ကိုစိုးမြင့်က ဆိုပါတယ်။
သူ့ဆီမှာ လယ် ၇ ဧကရှိပြီး မိုးစပါးနဲ့ မတ်ပဲစိုက်ပျိုးသူဖြစ်ပါတယ်။ ၂၀၂၅ – ၂၀၂၆ စိုက်ပျိုးနှစ်မှာတော့ ပဲကို ၃ ဧကသာ စိုက်ပျိုးနိုင်တော့ပြီး ကျန်လယ်တွေကို အလွတ်ထားထားရတဲ့သူ ဖြစ်ပါတယ်။
နှဲကြိုးကျေးရွာမှာနေထိုင်ပြီး ကုန်ခြောက်ဆိုင်ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင်တဦးကတော့ လယ်ရောင်းဖို့ အတွက် သူ့ဆီမှာလာပြောထားတဲ့ လယ်သမား ၇ ဦးရှိပြီး စုစုပေါင်း လယ်ဧက ၄၀ ကျော်ရောင်းချဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ကိုစိုးမြင့်ကတော့ အဲ့ဒီ လယ်သမား ၇ ဦးထဲက ၁ ဦးဖြစ်ပါတယ်။
“ လယ်ရှိသူကလယ်ရောင်းဖို့ ကိုင်းရှိသူက ကိုင်းရောင်းဖို့ပဲ တချိန်လုံး ကြားနေရတာပါပဲ။ ဓနုဖြူမှာ ဆေးသွားဝယ်(စိုက်ပျိုးရေးသုံး ဆေးပစ္စည်း)ရင်လည်း ဆုံမိကြရင် လယ်ရှုံးကြတဲ့အကြောင်း၊ ဆက်မလုပ်နိုင်တော့ကြောင်းတွေပဲ ကြားနေရတာ ” လို့ ကုန်ခြောက်ဆိုင် ပိုင်ရှင်က ပြောပါတယ်။
ဓနုဖြူမြို့နယ်မှာ မိုးလယ်နဲ့ နွေလယ်ဆိုပြီး လယ်အမျိုးအစား နှစ်မျိုးရှိပါတယ်။ မိုးလယ်မှာ မိုးစပါးနဲ့ ဆောင်းသီးနှံတွေ စိုက်ပျိုးကြပြီး နွေလယ်မှာတော့ နွေစပါးကို စိုက်ပျိုးကြပါတယ်။ အများအားဖြင့် နွေစပါးကို သီးထပ်အဖြစ် မိုးစပါးကွင်းတွေမှာလည်း ထပ်မံစိုက်ပျိုးကြပေမယ့် နွေစပါးကွင်း၊ နွေလယ် (မရင်းလယ်)လို့ဆိုရင်တော့ မိုးစပါးစိုက်ပျိုးလို့မရပါဘူး။
ဒါကြောင့် လက်ရှိ ဓနုဖြူမှာ မိုးလယ်ဟာ တဧကကို သိန်း ၁၂၀ ကနေ ၁၅၀ ထိဈေးရှိပြီး နွေလယ် (မရင်းလယ်)ဟာ ငွေကျပ်သိန်း ၈၀ ကနေ ၁၀၀ ကြားမှာ ဈေးရှိနေပါတယ်။
“ လယ်တွေကဈေးကြီးလို့ ရောင်းမထွက်တာ မဟုတ်ဘူး။ ဝယ်ထားပြီး ဘာလုပ်ရမှာလဲ ဆိုတာကိုလူတွေက မသိကြတော့တာ။ စိုက်ရင်ရှုံးဖို့ရာနူန်းများနေတော့ ဘယ်သူမှစိုက်ဖို့ မဝယ်တော့ဘူးလေ။ ကျွန်တော်တို့ မြောင်းမြဘက်မှာလည်း လယ်တွေရောင်းကြတာ ဝက်ဝက်ကွဲ။ ကိုယ်တိုင်လည်း ငွေရှိနေတာတောင် ဖြစ်နိုင်ရင် ရောင်းပြီး ပြောင်းချင်ပြီ ” လို့ မြောင်းမြမြို့က စပါး၊ ပဲ ကုန်သည်တဦးက ဆိုပါတယ်။
လယ်သမားတွေဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲ မဖြစ်ခင်ကတည်းက စပါး၊ ပဲ ဈေးကျဆင်းမှု၊ သွင်းအားစု ဈေးနူန်းမြင့်တက်မှု၊ ရာသီဥတုနဲ့ သီးနှံဖျက်ပိုးတွေကြောင့် အထွက်နှူန်းလျော့ကျမှုတွေကြောင့် ဆက်တိုက်အရှုံးပေါ်နေခဲ့ရတာဖြစ်ပါတယ်။
လက်ရှိကာလ ဆီဈေးတက်ပြီး ဆီဝယ်ရ ခက်ခဲတဲ့အချိန်မှာတော့ ရိတ်သိမ်းချွေလှေ့ခတွေပါ ဈေးထပ်တက်လာခဲ့တာကြောင့် တချို့လယ်သမားတွေ လယ်သိမ်းဖို့တောင် အခက်အခဲ ဖြစ်နေရတဲ့ အခြေအနေ ဖြစ်နေတာပါ။
ဟင်္သာတမြို့နယ်က တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်နေသူတဦးကတော့ “ ဘာပြောပြော စစ်တပ်က ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်တွေ အစိုးရတွေ လုပ်နေပြီ။ ဒီတော့ ဒီပြဿနာတွေကို သူဘယ်လိုရှင်းမှာလဲ။ ပြည်သူကို နည်းနည်းလေးပဲဖြစ်ဖြစ် စေတနာရှိတယ်ဆိုရင်ကို စပါးဈေးကွက်နဲ့ စစ်မှုထမ်းကိစ္စကို ပြေလည်အောင် လုပ်ပေးနိုင်ရမယ် ” လို့ မှတ်ချက်ပြုပါတယ်။
မအူပင်မြို့နယ်မှာနေထိုင်တဲ့ တောင်သူလယ်သမားအရေး ကျွမ်းကျင်သူ၊ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးစိန်ဝင်းကတော့ လယ်သမားတွေ လယ်မစိုက်နိုင်တော့ရင် အစားအစာ ရှားပါးပြီး ငတ်မွတ်ခေါင်းပါးမှုတွေ မကြာခင်မှာ ရောက်လာနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေဟာ မိုးစပါး၊ နွေစပါးနဲ့ ဆောင်းသီးနှံတွေမှာ ဆက်တိုက်အရှုံးပေါ်နေတာကြောင့် လာမယ့်မိုးရာသီမှာ စပါးမစိုက်တော့ပဲ အငှားချထားဖို့နဲ့ လယ်ရောင်းပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြဖို့ စဉ်းစားရတဲ့ အခြေအနေကို ရောက်နေတာပါ။