
“စိုက်ခင်းတွေ ရေတင်ဖို့လိုရင် အဲဒီလို အသိဆိုင်တွေက သွားဝယ်ရတယ်။ အဲဒါကလည်း ရင်းနှီးမှ ဝယ်လို့ရတာ။ မှောင်ခိုပေ့ါ။ စျေးက ကိုးထောင်၊ တသောင်းရှိတယ်”
၃၁၊ မတ်။
ဧရာ၀တီတိုင်းအတွင်းမှာ ဓါတ်ဆီဆိုင်ကြီးတွေကနေ ပြင်ပမှောင်ခိုရောင်းသူတွေဆီ ဓါတ်ဆီပေပါလိုက် ထုတ်ရောင်းပြီး မှောင်ခိုစျေးကွက်မှာ စျေးတင်ရောင်းနေကြတာကြောင့် ဆီစျေးပိုတက်လာပြီး တလီတာကို ကျပ်တသောင်းခွဲဝန်းကျင်ထိ စျေးရှိနေပါတယ်။
ပုသိမ်၊ ဖျာပုံ၊ ဟင်္သာတ၊ ဇလွန်စတဲ့ မြို့ကြီးတွေမှာရှိတဲ့ ဆီဆိုင်ကြီးတွေဟာ ရပ်ကွက်၊ ကျေးရွာတွင်း ရောင်းချသူတွေကို ဆီထုတ်ရောင်းကာ အဲဒီဆိုင်တွေကတဆင့် စျေးတင်ရောင်းနေကြတာပါ။
“ညဘက်တွေဆိုရင် ပေပါလိုက်ကို ခိုးထုတ်ရောင်းနေကြတာ။ ဆိုင်နာမည်တွေတော့ မပြောတော့ဘူး၊ ဆိုင်တိုင်းက အဲဒီလို ရောင်းနေတယ်။ စစ်တပ်နဲ့ စပ်တဲ့သူတွေပိုများတယ် အဲဒီလိုမှောင်ခိုရောင်းတာမှာ၊ တပ်က ဘယ်သူနဲ့အသိ ဘာညာဆိုပြီးလုပ်စားနေကြတာ” လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) စစ်တပ်အရာရှိကြီးတွေရဲ့ မိသားစုဝင်တွေဟာလည်း အဲဒီလို ဆီမှောင် ခိုရောင်းတဲ့အထဲမှာပါနေတယ်လို့ ဆိုပါတယ်။
“ရပ်ကွက်တွင်းမှာ လက်တို့စနစ်နဲ့ ဝယ်ကြရတာ၊ တန်းမစီချင်တဲ့သူတွေကျ အဲဒီကသွားဝယ်တယ်၊ အများလိုတဲ့သူတွေမှာ တန်းစီနေလို့လည်း မရဘူးလေ။ တလီတာကို တသောင်း၊ တသောင်းကျော်ပေးရတယ်” လို့ ပုသိမ်မြို့မှာ နေထိုင်သူ လူငယ်တဦးဖြစ်တဲ့ ကိုထက်ပိုင်စိုးက ပြောပါတယ်။
ဆီဆိုင်တွေမှာ တန်းစီဝယ်ရင် ဆီတလီတာကို ကျပ်လေးထောင်ပေးရပြီး ဆိုင်ကယ်တစီး သုံးထောင်ဖိုး၊ ကားတစီး ငါးထောင်ဖိုးဝန်းကျင်သာ ဝယ်လို့ရတယ်လို့ ဧရာ၀တီဒေသခံတွေက ပြောကြပါတယ်။ ဒါ့ကြောင့် ဆီလိုအပ်သူတွေဟာ ဆီဆိုင်တွေမှာ တန်းစီမဝယ်တော့ဘဲ ပြင်ပမှောင်ခိုဆိုင်တွေကသာ ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
“စိုက်ခင်းတွေ ရေတင်ဖို့လိုရင် အဲဒီလို အသိဆိုင်တွေက သွားဝယ်ရတယ်။ အဲဒါကလည်း ရင်းနှီးမှ ဝယ်လို့ရတာ။ မှောင်ခိုပေ့ါ။ စျေးက ကိုးထောင်၊ တသောင်းရှိတယ်” လို့ ဇလွန်မြို့နယ်မှ ငရုတ်ခင်းစိုက်တောင်သူတဦးက ပြောပါ တယ်။
ဖျာပုံ၊ ဒေးဒရဲမြို့နယ်ဘက်မှာတော့ ဓါတ်ဆီတလီတာကို ကျပ်တသောင်းနှစ်ထောင်ကနေ တသောင်းခွဲထိ စျေးရှိနေပြီး ရှာဝယ်ရခက်နေတယ်လို့ ပြောကြပါတယ်။ ဒေးဒရဲမြို့မှ ဒေသခံတဦးက “ဆီရှားတယ်။ နယ်ဘက်တွေဆို ဝယ်တောင်မရဘူး။ ဒီရက်ပိုင်း စျေးပိုတက်သွားတယ်” လို့ ပြောပါတယ်။
စစ်ကော်မရှင်ဟာ စက်သုံးဆီတွေကို ဆီဆိုင်တွေမှာ စုံ၊ မ အလှည့်ကျ တန်းစီဝယ်ဖို့ ပြောထားပြီး အခုလိုမှောင်ခို စျေးကွက်တွေကိုတော့ အရေးယူ၊ ကြပ်မတ်တာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သားမိသားစုတွေနဲ့ ဆောင်းသီးနှီး၊ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအ တွက် အခက်ကြုံလာနေပါတယ်။
ငါးဖမ်းလှေတွေ ရပ်နားထားရတာ၊ စိုက်ခင်းတွေ ပျက်စီးသွားတာတွေနဲ့ ကြုံနေကြရသလို နွေစပါးစိုက်ထားသူတွေ မှာလည်း စပါးစျေးကောင်းမရချိန် စက်သုံးဆီ စျေးအလွန်တက်နေတော့ ရိတ်သိမ်းဖို့ အခက်အခဲရှိနေကြတာပါ။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေ ဟာလည်း နှစ်ကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်အိမ်ပြန်မယ့်သူတွေနဲ့ ခရီးသွားတွေ အခက်အခဲကြုံနေကြ ရပါတယ်။
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အာရှနိုင်ငံတွေကို အဓိက ရိုက်ခတ်လာပြီး စက်သုံး ဆီစျေးကွက်တွေမှာ အခုလို သက်ရောက်မှုတွေ ရှိလာတာဖြစ်ပါတယ်။