
“ဒါဟာ တကယ့်ကို တဝက်ကျော်အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ဘယ်တော့ပြီးမယ်ဆိုတဲ့ အချိန်ဇယားကိုတော့ ကျွန်တော် မသတ်မှတ်ချင်ဘူး” လို့ အမေရိကန် ရှေးရိုးစွဲသတင်းဌာနတခုဖြစ်တဲ့ Newsmax ကို နေတန်ယာဟုက ပြောပါတယ်။
၃၁၊ မတ်။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရည်မှန်းချက်တွေရဲ့ တဝက်ကျော်ကိုအောင်မြင်ပြီးစီးနေပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမတ်လ ၃၀ ရက်၊ တနင်္လာနေ့ မှာ ပြောလိုက်ပါတယ်။
ဒါပေမဲ့ စစ်ပွဲကတော့ ဘယ်တော့ပြီးမလဲဆိုတဲ့ အချိန်ကာလကိုတော့ သူကအတိအကျ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။
“ဒါဟာ တကယ့်ကို တဝက်ကျော်အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ဘယ်တော့ပြီးမယ်ဆိုတဲ့ အချိန်ဇယားကိုတော့ ကျွန်တော် မသတ်မှတ်ချင်ဘူး” လို့ အမေရိကန် ရှေးရိုးစွဲသတင်းဌာနတခုဖြစ်တဲ့ Newsmax ကို နေတန်ယာဟုက ပြောပါတယ်။
သူ ဆိုလိုတဲ့ တဝက်ကျော်ဆိုတာဟာ လုပ်ဆောင်ရမယ့် တာဝန်တွေပြီးမြောက်မှုအပိုင်းကို ပြောတာဖြစ်ပြီး ကြာမြင့်ချိန်ကို ဆိုလိုတာ မဟုတ်ဘူးလို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေတန်ယာဟုနဲ့အတူ စစ်ပွဲကို စတင်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဆိုပါ စစ်ဆင်ရေးဟာ လေးပတ်ကနေခြောက်ပတ်အထိပဲ ကြာမယ်လို့ အစောပိုင်းမှာ ပြောခဲ့တာပါ။
ရေနံဈေးနှုန်းတွေ ထိုးတက်သွားစေတဲ့ စစ်ပွဲအပေါ် အမေရိကန်ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်နေကြတဲ့ကြားကပဲ စစ်ပွဲဟာ လနဲ့ချီပြီး မကြာဘဲ သီတင်းပတ်အနည်းငယ်ပဲ ထပ်ကြာတော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တနင်္လာနေ့မှာ ပြောပါတယ်။
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် ထောင်နဲ့ချီကို သုတ်သင်နိုင်တာအပါအဝင် စစ်ပွဲရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်ရဲ့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေကို အဆုံးသတ်ဖို့ နီးစပ်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။
“စက်မှုအခြေခံစနစ်တခုလုံး၊ ပြောရရင် စက်ရုံတွေ အားလုံးကို ဖျက်ဆီးပစ်တာနဲ့ နျူကလီးယား စီမံကိန်းတွေကိုပါ အမြစ်ပြတ်အောင် လုပ်နေတာပါ” လို့သူက ဆိုပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ နီးစပ်နေပြီလို့ နေတန်ယာဟုနဲ့ထရမ့်တို့က ထပ်တလဲလဲ စွပ်စွဲနေကြတာပါ။ ဒါပေမဲ့ အဆိုပါစွပ်စွဲချက်ကိုကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က ထောက်ခံထားတာ မရှိပါဘူး။
“ဒီအစိုးရဟာ အတွင်းပိုင်းကနေ ပြိုလဲသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ လုပ်နေတာက သူတို့ရဲ့ စစ်ရေးစွမ်းရည်၊ ဒုံးကျည်စွမ်းရည်နဲ့ နျူကလီးယား စွမ်းရည်တွေကိုချည့်နဲ့အောင် လုပ်နေတာဖြစ်သလို၊ သူတို့ကို အတွင်းပိုင်းကနေ အားနည်းသွားအောင်လည်း လုပ်ဆောင်နေတာပါ” လို့ နေတန်ယာဟုက ဆိုပါတယ်။
အီရန်အာဏာပိုင်တွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေကို နှိမ်နင်းပြီး လူပေါင်းထောင်နဲ့ချီ သတ်ဖြတ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
Ref – AFP