ဧရာဝတီမှာ ဧပြီလအတွင်း မုတ်သုန်အကြို မိုးရွာနိုင်

“ဝင်လာတဲ့ မိုးတိမ်တောင်တွေရဲ့ လမ်းကြောင်းပေါ်မှာ မူတည်ပါတယ်။ မိုးတိမ်တောင်တွေ ရွေ့လျှားလာတဲ့ လမ်းတလျှောက်မှာ ထစ်ချုန်းမိုးနဲ့ စိုက်ဆင်းလေပြင်းတွေ ဖြစ်တတ်ပါတယ်။

၃၀၊ မတ်လ။

ဧရာဝတီတိုင်းမှာ ဧပြီလအတွင်း မုတ်သုန်အကြိုမိုး ရွာသွန်းနိုင်ပြီး အပူချိန်မြင့်မားချိန်မှာ မိုးတိမ်တောင်တွေဖြစ်ပေါ် ရွာသွန်းနိုင်ခြေကြောင့် မိုးသီးကြွေတာ၊ စိုက်ဆင်းလေပြင်းတွေ တိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေကို သတိရှိရမယ်လို့ မိုးဇလပညာရှင်တွေက သတိပေးထားပါတယ်။

“ ရက်ဝေးခန့်မှန်းချက်အရဆိုရင် ပုသိမ်မြို့နယ်မှာ ဧပြီလ ၂၆ ရက် မှ ၃၀ ရက်အတွင်း မိုးရွာရက် ၅ ရက် ရှိပါတယ် ” လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ နွေရာသီမှာ ဖြစ်တတ်တဲ့ အပူဒဏ်နဲ့ ရုတ်တရက်ပြောင်းလဲသွားတတ်တဲ့ ထူးခြားမိုးလေဝသ အခြေအနေတွေကိုတော့ ဂရုစိုက်ဖို့လိုတယ်လို့ ဆိုပါတယ်။

“ ဝင်လာတဲ့ မိုးတိမ်တောင်တွေရဲ့ လမ်းကြောင်းပေါ်မှာ မူတည်ပါတယ်။ မိုးတိမ်တောင်တွေ ရွေ့လျှားလာတဲ့ လမ်းတလျှောက်မှာ ထစ်ချုန်းမိုးနဲ့ စိုက်ဆင်းလေပြင်းတွေ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်ပါတယ်ဆိုတာ possible ပါ၊ ဖြစ်မယ်လို့ တထစ်ချပြောနိုင်မှာတော့ မဟုတ်ပါဘူး။ နွေရာသီ(မုတ်သုံအကြိုကာလ – Pre-Monsoon Season)မှာဖြစ်တတ်တဲ့ ထူးခြားဖြစ်စဉ်တွေပါ ”လို့ ဦးဝင်းနိုင်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဝန်ထမ်းတဦးကတော့ ရုတ်တရက်ပြောင်းလဲ ဖြစ်ပေါ်တတ်တဲ့ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ စတဲ့ဖြစ်စဉ်တွေကို ကြိုတင်ခန့်မှန်းလို့ မရတာကြောင့် မိုးတိမ်တောင်တွေရဲ့ ရွေ့လျားမှုကို ဂရုစိုက်စေချင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီမုတ်သုန်အကြိုမိုးဟာ မြန်မာတနိုင်ငံလုံးနီးပါး ရွာသွန်းနိုင်ခြေရှိပြီး မိုးများနိုင်ခြေ မရှိတာကြောင့် မိုးများလို့ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကိုတော့ စိုးရိမ်ဖို့ မရှိဘူးလို့ ပြောပါတယ်။