အီရန်ရဲ့ အချက်အခြာ ခါ့ဂ်ကျွန်းကို သိမ်းပိုက်ဖို့ ထရမ့်စဉ်းစားနေ

အဆိုပါ ကျွန်းကို သိမ်းပိုက်ဖို့ အမေရိကန်ရဲ့ ဘယ်လို စစ်ဆင်ရေးမျိုးမဆိုဟာ အင်အားအနေနဲ့ ကြည့်ရင် သိပ်မကြီးမားနိုင်ပေမဲ့ စိန်ခေါ်မှုတွေတော့ အများကြီးရှိလိမ့်မယ်လို့ သုံးသပ်မှုတွေတော့ ရှိနေပါတယ်။

 

၃၀၊ မတ်။

 

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ ရေနံတွေကို သိမ်းယူနိုင်တယ်လို့ ပြောလိုက်ပြီး အီရန်ရဲ့အဓိက လောင်စာဆီ အချက်အခြာဖြစ်တဲ့ ခါ့ဂ်ကျွန်းကိုလည်း သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်တယ်လို့

Financial Times နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အမေရိကန်က အဆိုပါကျွန်းကို မျက်စိကျနေရတဲ့ အကြောင်းရင်းကတော့အဲဒီနေရာဟာ အီရန်ရဲ့ စီးပွားရေး အသက်သွေးကြောဖြစ်တဲ့ အဓိက ရေနံတင်ပို့ရာ စခန်းတခု ရှိနေလို့ပါပဲ။

 

ကျွန်းကို သိမ်းပိုက်လိုက်မယ်ဆိုရင် အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့လိုက်ရုံတင်မကဘဲ အီရန်ပြည်မကြီးကို တိုက်ခိုက်ဖို့အတွက် အခြေစိုက်စခန်းတခုအနေနဲ့လည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။

 

ဒ့ါအပြင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ အဓိက ဝင်ငွေရလမ်းကို ထိထိရောက်ရောက် ဖြတ်တောက်လိုက်တာဖြစ်ပြီး သူတို့ရဲ့ စစ်ပွဲဆင်နွှဲနိုင်စွမ်းကိုပါ ထိခိုက်သွားစေလိမ့်မယ်လို့ BBC ရဲ့ လုံခြုံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူ မိုင်ကီကေးက ပြောပါတယ်။

 

အဆိုပါ ကျွန်းကို သိမ်းပိုက်ဖို့ အမေရိကန်ရဲ့ ဘယ်လို စစ်ဆင်ရေးမျိုးမဆိုဟာ အင်အားအနေနဲ့ ကြည့်ရင် သိပ်မကြီးမားနိုင်ပေမဲ့ စိန်ခေါ်မှုတွေတော့ အများကြီးရှိလိမ့်မယ်လို့ သုံးသပ်မှုတွေတော့ ရှိနေပါတယ်။

 

အီရန်ဘက်ကတော့ အမေရိကန်နဲ့ အစ္စရေး တာဝန်ရှိသူတွေရဲ့ နေအိမ်တွေနဲ့တက္ကသိုလ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

 

အီရန်အစိုးရရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတာကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပေမဲ့ အခုတော့ တီဟီရန်မြို့ရဲ့ နေရာအတော်များများမှာ မီးပြန်လာနေပြီဖြစ်ပါတယ်။

 

တဘက်မှာလည်း အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံတောင်ပိုင်းကစက်မှုဇုန်တခုမှာ မီးလောင်ခဲ့တာကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးဘက်က ဆိုပါတယ်။

 

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကတော့ လာမယ့်ရက်ပိုင်းအတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

 

ဒါပေမဲ့ အီရန်နဲ့ အမေရိကန်တို့ဘက်က အဆိုပါဆွေးနွေးပွဲမှာ ပါဝင်မှာလားဆိုတာကတော့ အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

 

အရင်ကလည်း အမေရိကန်ရဲ့ USS Tripoli စစ်သင်္ဘောနဲ့အတူ ဒေသတွင်းကို စစ်သည်အင်အား ၃,၅၀၀ စေလွှတ်ထားတယ်ဆိုတဲ့ ကြေညာချက်ထွက်လာပြီးတဲ့နောက် အီရန်လွှတ်တော်ဥက္ကဋ္ဌက သူတို့တပ်ဖွဲ့တွေဟာ အမေရိကန်ကြည်းတပ်တွေကို မီးမိုးရွာချဖို့ စောင့်နေကြတယ်လို့ ပြောဆိုထားပါတယ်။

Ref – BBC