
“ အစ်မဖြစ်သူနဲ့ ဇနီးဖြစ်သူလာဖို့အတွက်တော့ စီစဉ်နေဆဲပါပဲ။ သူ့ကို(ကိုစန်းယု)တော့ ခွဲစိတ်ကုသရင်လည်း မျှော်လင့်ချက်မရှိနိုင်ဘူးဆိုလို့ အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ ကုသမှုတွေကိုပဲ လုပ်ပေးထားခဲ့တာပါ ”
၂၉၊ မတ်လ။
ဧရာဝတီတိုင်းသား၊ ညောင်တုန်းမြို့သား ကိုစန်းယုဟာ ဒီကနေ့မနက် ကိုရီးယား စံတော်ချိန် ၉ နာရီ မိနစ် ၃၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်က ပြောပါတယ်။
ကိုစန်းယုဟာ မတ်လ ၂၄ ရက်နေ့က ကိုရီးယားနိုင်ငံ ဟွာဆောင်မြို့က စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေရင်း စက်ညှပ်ပြီး အာဂျုတက္ကသိုလ် ဆေးရုံကြီးမှာ ၆ ရက်ကြာ အရေးပေါ် အခြေအနေနဲ့ ကုသခံနေရင်း ဒီနေ့မနက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ကိုစန်းယု ကွယ်လွန်သွားခဲ့ပြီဆိုတာကို မိသားစုဝင်တွေနဲ့ နီးစပ်သူ တဦးကလည်း DNA ကို သီးခြားအတည်ပြုခဲ့ပြီး မိသားစုဝင်တွေက ကိုရီးယားကို လိုက်သွားဖို့ ပြင်ဆင်နေတုန်း အခုလိုကွယ်လွန်ခဲ့တာလို့ ပြောပါတယ်။
“မနက်တုန်းကတောင် သူအမနဲ့ စာပို့သေးတာ။ နောက်အပတ်လောက် လိုက်သွားရမယ်ဆိုပြီး။ သံရုံးက စာကျပြီ ဆိုပြီး” လို့ ပြောပါတယ်။
ကွယ်လွန်သူ ကိုစန်းယုမှာ ညောင်တုန်းမြို့နယ်၊ ရေလဲကုန်းကျေးရွာမှာ ဇနီးနဲ့ ကလေးနှစ်ဦးကျန်ရစ်ခဲ့ပြီး ကာယကံရှင်တွေ တောင်ကိုရီးယားကို လိုက်လာနိုင်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ကိုဇော်မိုးအောင်က ဆိုပါတယ်။
“ အစ်မဖြစ်သူနဲ့ ဇနီးဖြစ်သူလာဖို့အတွက်တော့ စီစဉ်နေဆဲပါပဲ။ သူ့ကို(ကိုစန်းယု)တော့ ခွဲစိတ်ကုသရင်လည်း မျှော်လင့်ချက်မရှိနိုင်ဘူးဆိုလို့ အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ ကုသမှုတွေကိုပဲ လုပ်ပေးထားခဲ့တာပါ ” လို့ ပြောပါတယ်။
တောင်ကိုရီးယားရောက် မြန်မာရွေ့ပြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ကြသူတွေကတော့ လုပ်ငန်းခွင်တွင်းမှာဖြစ်တဲ့ မတော်တဆမှု ဖြစ်တာကြောင့် လုပ်ငန်းခွင်ထိခိုက်နစ်နာမှု လျော်ကြေးတွေနဲ့ အခြားသော လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
စျာပန အစီအစဉ် ဘယ်လို စီစဉ်ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။