ဆီမရတာကြောင့် ရေမတင်နိုင်ပဲ ကိုင်းသီးနှံတွေ ပျက်ဆီးနိုင်ခြေများနေ

“လောလောဆယ်ကတော့ ဆီရဖို့ပဲ။ ရေလမ်းနဲ့ ရေလုပ်ငန်းမှာ သုံးနေရတဲ့ စက်လှေတွေနဲ့ ကိုင်းသမား၊ လယ်သမား၊ ငါးကန်သမားတွေကိုလည်း တခုခု သတ်မှတ်ပေးပြီး ရောင်းချပေးဖို့လိုတယ်။ ဧရာဝတီတိုင်းဟာ တခြားတိုင်းတွေနဲ့ မတူဘူးဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ နားလည်ဖို့ သိဖို့လိုတယ်”

၂၇၊ မတ်လ။

ဧရာဝတီတိုင်း၊ ဧရာဝတီမြစ်ကမ်းတလျှောက်က မြေနုကျွန်း(သောင်) တွေပေါ်မှာ ကိုင်းသီးနှံတွေ စိုက်ပျိုးကြသူတွေ ဆီဝယ်မရပဲ ရေမတင်နိုင်ဖြစ်နေတာကြောင့် သီးနှံတွေ ပျက်ဆီးရတော့မယ့် အခြေအနေကို ကြုံတွေ့နေရပါတယ်။

“ ကျွန်မတို့ဘက်မှာဆို (ဇလွန် – နန်းတော်ကျွန်း) ပြောင်းတွေ၊ ငရုတ်တွေ ရေတင်ဖို့လိုနေပြီ။ ဆီက မှောင်ခိုဈေး တဂါလံ ၆ သောင်းဆိုတာတောင်မှ ဝယ်မရဘူး။ ရေမရရင် ပျက်ကုန်မှာပဲ ” လို့ နန်းတော်ကျွန်းမှာ ငရုတ်စိုက်ပျိုးသူ မရွှေနှင်းက ဆိုပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မြေဩဇာ ကောင်းမွန်တဲ့အလျှောက် ရာသီအလိုက် ကိုင်းသီးနှံတွေ စိုက်ပျိုးလေ့ရှိတဲ့ စိုက်ပျိုးရေးဧရိယာ တခုဖြစ်ပြီး ဒေသခံတွေရဲ့ ရာခိုင်နှုန်းအများစုကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေကို အမှီအခို ပြုနေကြသူတွေ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဘက်မှာတော့ ဂေါ်ဖီတို့၊ ပဲအမျိုးမျိုး (ပဲတောင့်ရှည် စသဖြင့်)၊ ပန်း ဘုရားပန်းပေါ့ အဲ့ဒါတွေစိုက်ကြတယ်။ ခရမ်းချဉ်စိုက်တဲ့သူတွေလည်း ရှိတယ်။ သန်ရာ သန်ရာပေါ့။ အများစုကတော့ ပြုစုရလွယ်တဲ့ ပြောင်းလိုမျိုးတွေလည်း စိုက်တယ် ” လို့ ဓနုဖြူမြို့နယ်၊ ဥမ္မာဓန္ဒီသောင်နားမှာ ဘုရားပန်းစိုက်ပျိုးနေသူ တဦးက ဆိုပါတယ်။

အများအားဖြင့် ကိုင်းစိုက်ပျိုးကြသူအများစုဟာ ရေကိုအားကိုး အားထားပြုပြီး စိုက်ပျိုးရတာ ဖြစ်တာကြောင့် လက်ရှိကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲဟာ ကြာလာလေ သီးနှံပျက်ဆီးနိုင်မှု ပိုမိုများပြားလာလေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

“ အခု ကျွန်တော့် ပန်းခင်းဆိုရင် ပွင့်အားတွေကျလာပြီ။ အရွက်တွေ အားမရှိတော့ဘူး။ လတ်တလော ဖြေရှင်းနည်း အနေနဲ့ ရေမြောင်းဖောက်မလားတော့ တွေးနေပေမယ့်။ အဲ့ဒါက ရေရှည်မရဘူး။ ပြီးတော့ နေရာကြီးကြီးမရဘူး။ တနိုင်လောက်လေးပဲ အဆင်ပြေမှာ ” လို့ သူက ရှင်းပြပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ဘုရားပန်း အပါအဝင် ကိုင်းသီးနှံတွေ အများစုဟာ ရန်ကုန်ဈေးကွက်ကို တင်ပို့ကြတာ ဖြစ်ပြီး ဒီသီးနှံတွေ ပျက်ဆီးကုန်ရင် ရန်ကုန် ဟင်းသီးဟင်းရွက် ဈေးကွက်ကိုပါ ကြီးကြီးမားမား သက်ရောက်နိုင်ချေရှိတယ်လို့ ညောင်တုန်းမှာ နေထိုင်တဲ့ ဟင်းသီးဟင်းရွက် ကုန်သည်တဦးက ပြောပါတယ်။

“ သူတို့က ဆီမရ သီးနှံပျက်၊ ကျွန်တော်တို့ကလည်း ဆီမရ သွားမဝယ်နိုင် သွားမပို့နိုင်။ ခုရက်ထိတော့ ရန်ကုန်ကို ဂေါ်ဖီတို့ ဘာတို့ပို့ဖို့ ရနေသေးတယ်။ ရှေ့လျှောက် ဒီတိုင်းဆိုရင်တော့ ကျွန်တော်တို့လည်း ရဖို့ မသေချာတော့ဘူး။ ရန်ကုန်မှာလည်း ရှားသွားနိုင်တယ် ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဆီဈေးတွေကို သေချာသတ်မှတ်ထားပြီး ထိန်းချုပ်နည်းတွေကို ထုတ်ပြန်ကာရောင်းချတာတွေ ပြုလုပ်ပေးနေပေမယ့် အဲ့ဒါတွေဟာ ကားတွေ၊ ဆိုင်ကယ်တွေ လိုမျိုး ကုန်းလမ်းသွားလာရေး ယာဉ်တွေအတွက်ကိုပဲ ဦးစားပေးနေပြီး စိုက်ပျိုးရေးလုပ်ငန်းသမားတွေအတွက် ထဲ့သွင်း စဉ်းစားထားတာ မရှိဘူးလို့ ဆိုပါတယ်။

“ လောလောဆယ်ကတော့ ဆီရဖို့ပဲ။ ရေလမ်းနဲ့ ရေလုပ်ငန်းမှာ သုံးနေရတဲ့ စက်လှေတွေနဲ့ ကိုင်းသမား၊ လယ်သမား၊ ငါးကန်သမားတွေကိုလည်း တခုခု သတ်မှတ်ပေးပြီး ရောင်းချပေးဖို့လိုတယ်။ ဧရာဝတီတိုင်းဟာ တခြားတိုင်းတွေနဲ့ မတူဘူးဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ နားလည်ဖို့ သိဖို့လိုတယ် ” လို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ တောင်သူလယ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက မှတ်ချက်ပြုပါတယ်။

ဇလွန်၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်းနဲ့ ပန်းတနော် မြို့နယ်တွေမှာ ရှိတဲ့ DNA ရဲ့ သတင်းရင်းမြစ်တွေကတော့ စက်သုံးဆီ ဝယ်မရတာကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သယ်ယူပို့ဆောင်ရေး စတဲ့ နယ်ပယ်အသီးသီးမှာ အခက်အခဲတွေ ရှိလာနေတယ်လို့ ဆိုကြပါတယ်။