ဧရာဝတီတိုင်းထဲမှာ စက်သုံးဆီ ဝယ်ယူရတဲ့ အခြေအနေတွေ ဘယ်လိုရှိနေလဲ။

၂၆၊မတ်လ။

ဒီတပတ်အတွင်းမှာ တနိုင်ငံလုံး နည်းတူ ဧရာဝတီတိုင်းအတွင်း စက်သုံးဆီတွေ ဈေးတက်လာသလို ဝယ်ယူရတွေလည်း ခက်ခဲလာနေတာကြောင့် နွေစပါးသိမ်းချိန် ရိတ်သိမ်းချွေလှေ့စက်တွေ၊ ငါးဖမ်းစက်လှေတွေ၊ သယ်ယူပို့ဆောင်ရေးတွေ အပြင် ပရဟိတလူမှုကူညီ‌ရေး အရေးပေါ်ကားတွေ အတွက်ပါ အခက်အခဲ ဖြစ်လာနေပါတယ်။

🔹 ဆီဆိုင်ပိုင်ရှင်တဦး

ကမ္ဘာပျက်နေတယ်။အခြေနေက ဆတ်ဆတ်ထိ မခံဖြစ်နေတယ်။ကုန်ကားတွေ ညအိပ်စောင့်ပြီး ဆီထုတ်နေရတယ်။ နေ့ဘက်ဆို ဆိုင်ကယ်အုပ်ကြီး  အိမ်စီးကားတန်းကြီးတွေ ကုန်ကားတွေ နဲ့ လမ်း ပိတ်နေလို့ ရဲလာရှင်းပေး နေရတယ်။တနေ့ကို ဆိုင်ကယ် ၅၀၀၀ ဖိုး၊ အိမ်စီးကား ၃ သောင်းဖိုး၊ ကုန်ကား ၅ သောင်းရောင်းပေးနေတယ် ။ ခုတောင် သယ်ပို့စားရိတ်တွေက တရက်တစျေး ဖြစ်နေတာ အစိုးရပေးတဲ့ ဆိုင်အတွက် ပုံမှန်ရနေကျ တပါတ်စာ  ခွဲတန်းက ၅၀% လျော့ပေးတော့ ပိုဆိုးသွားပြီ။ နောက်တပါတ် ဘယ်လိုပေးမလဲ စောင့်ကြည့်နေရတယ် ။ ထပ်လျော့မယ်ထင်တာပဲ။

🔹 ဖျာပုံမြို့ – (တင်ပုလွှဲရွာမှ ဒေသခံတဦး)

ဓါတ်ဆီက ဒီမှာ လောလောဆယ် ဝယ်လို့တောင် မရဘူး။ စျေးက တသောင်းလောက် ပေါက်နေတယ်။ ဝယ်လို့ တောင်မရဘူး။ တသောင်းကို ဝယ်လို့မရဘူး။ မြို့ပေါ်မှာလည်း မရဘူး။ ဆီဆိုင်မှာ တန်းစီမှ ရတာ၊ တန်းစီးရင်လည်း သုံးထောင်ဖိုးပဲရတာ။ သုံးထောင်ဖိုးက ဘာရမှာတုန်းက သူတို့ထည့်တာ ကိုယ်လည်း မမြင်ရဘူး။ တပိုင်း( လီတာဝက်) မပြည့်တပြည့်လောက်ရမှာပေ့ါ။ အဲတော့ ဒီကတောင် တက်မဝယ်တော့ဘူး။ ဒီကတက်ဝယ်ရင်လည်း သုံးထောင်၊ ကားတွေဘာတွေဆို ငါးထောင် အဲလောက်ပဲ ထည့်ပေးတာဆိုတော့ မကိုက်ဘူးလေ။

🔹 ဟင်္သာတမြို့ – ( ဒေသခံ ကားသမား တဦး နှင့် ဆီ)

မြို့အထွက်က ဟင်္သာလင်းနဲ့ သန်းသန်းစိုးနားမှာ တိုးပြီး ပြန်ထုပ်တဲ့ ဆီပုံးတွေကို ရဲတွေ လိုက်သိမ်းနေတာ တွေ့ခဲ့တယ်ဗျ။ ရဲတွေက ဆိုင်ကယ် လေးငါးစီးနဲ့ ဆီပုံးတွေ လိုက်သိမ်းနေတာ တော်တော် ပါသွားကြတယ်။ လူတော့မဖမ်းဘူး။ သိမ်းရုံပဲသိမ်းတာ။ အမှတ်၂ ရဲစခန်း အပိုင်ပေါ့။ ဆီဆိုင်တွေမှာတော့ ပြည့်နေတာ တိုးမပေါက်ဘူးဗျ။ တိုးတဲ့သူတွေက ဒီနေ့မနက် ပိုများတယ်။ ဆီဆိုင်တွေက ကားလေးကို ၃၀,၀၀၀ဖိုး၊ ဆိုင်ကယ် ၅၀၀၀ဖိုး၊ သုံးဘီး ၁၀,၀၀၀ဖိုး။ မနေ့က နိဗ္ဗာန် မှာ တစ်လီတာကို ၈၀၀၀ ရောင်းကြတယ်။ Diesel က တစ်ဂါလံကို ၄၀,၀၀၀ လောက်ရောင်းကြတယ်။

🔹 ကျုံပျော်မြို့ – ( ရိတ်သိမ်းချွေလှေ့စက်မောင်းသူတဦး)

ဆီကတော့ ပြောမနေနဲ့တော့။ အခုကျွန်တော်တို့စက်တွေ (ရိတ်သိမ်းချွေလှေ့စက်)ကိုလာငှားရင် ဆီပြန်ထည့်ပေးမှာလားလို့ အရင်မေးရတယ်။ ကိုယ့်ဆီနဲ့ကိုယ်ဆို မလိုက်နိုင်တော့ဘူး။ အခုဆို ကိုယ့်လူတွေ(စက်လာငှားသူတွေ)ကိုလည်း အားနာတယ်။ အစစ ဈေးတက်တော့ စက်ခကလည်း ဈေးတက်ရတယ် ဆီလည်းတောင်းရတယ်။ ဆီဈေးတက်သွားလို့ လိုသလောက် ဝယ်လို့ရရင်တောင် အဆင်ပြေတယ်လေ အခုကဝယ်လို့ကို မရတာ။ အစိုးရကတော့ ကျွန်တော်တို့လိုမျိုး စက်သမားတွေကို ခွဲတမ်းရောင်းပေးမယ် ဆိုတာမျိုးတော့ ကြားတာပဲ။ ဆီဆိုင်တွေမှာတော့ မရောင်းပေးပါဘူး။ မရောင်းပေးဘူး ဆိုတာက ကျွန်တော်တို့လို့ အမှန်အကန်သမားတွေကိုပဲ မရောင်းပေးတာ။ အခု စက်ခက အနိမ့်ဆုံး ၂ သိန်းမှာရှိတယ် ။ ဒါနော် သူတို့ဆီနဲ့သူတို့လာမှ။

🔹 ဘိုကလေး – ( ဒေါ်မြင့်ဝင်း – ဒေသခံ)

ဆီဆိုင်တွေမှာတော့ ညအိပ်ကို စောင့်တိုးနေရတာပဲ။ အဓိက စက်လှေတွေ၊ ရိတ်/ခြွေစက်တွေ အတွက်ပေါ့ ဂါလံပုံးတွေနဲ့ လာဝယ်ကြတယ်။ ဆီက လင်းအားကြီး ၉ နာရီ ၁၀ နာရီဆို လုံးဝကုန်သွားပြီ။ ဘာဆီဖြစ်ဖြစ်ပေါ့။ အဲ့ဒါနော် တခါတလေ ညအိပ်စောင့်သူတွေတောင် အကုန်မရလိုက်ဘူး။ ဒီဘက်မှာတော့ အဲ့လိုဖမ်းတာမျိုးတော့ မတွေ့သေးဘူး။ ဘာလို့ဆို စက်လှေတွေအတွက်က ပုံးနဲ့လာမဝယ်လို့ ဘယ်လိုဝယ်ရမတုန်း။ ဆီဆိုင်ကနေ တိုကင် အမှတ်အသားလေးတွေ ပေးတာမျိုးနဲ့ သူတို့ဘာသာတော့ အဆင်ပြေနေတာပဲ။

🔹 ဝါးခယ်မ – (လူမှုကူညီရေး ဆောင်ရွက်နေသူတဦး)

ဝါးခယ်မမှာတော့ စည်းမဲ့ကမ်းမဲ့ရော စည်းနဲ့ကမ်းနဲ့ရော ဘယ်လိုနည်းလမ်းနဲ့မှာ ဆီကို နှစ်သောင်းဖိုးထက် ပိုဝယ်မရဘူး။ အစပိုင်းတုန်းက လမ်းဘေးမှောင်ခို ဆိုင်လေးတွေကနေ ဘူးတွေနဲ့ ဝယ်လို့ရသေးတယ်။ ဈေးကတော့ ကြီးတာပေါ့။ အခုက အဲ့ဆိုင်တွေပါ တော်တော်ရှားသွားပြီ။ ဖမ်းလို့တော့ မဟုတ်ပါဘူး ဆီကိုက မရတော့တဲ့ အခြေအနေပါ။ ရွာတွေဘက်မှာဆို ဓာတ်ဆီက တလီတာ ၇ ထောင်နဲ့ ၈ ထောင်ကြားပဲ။ တချို့သိပ်ကို ဝေးလံခေါင်တဲ့ နေရာတွေဆို ၁ သောင်းလောက်တောင် ရှိမလားပဲ။ ဆီအဆင်ပြေလား မပြေလားကတော့ ဝါးခယ်မမှာ ဆိုင်ကယ်တွေ၊ ကားတွေပါ တဖြေးဖြေးရှင်းလာနေပြီ။

🔹 ဓနုဖြူမြို့နယ် – ( တရားဝင် တဆင့်ခံ ဆီပြန်လည် ရောင်းချသူ)

ကျွန်မတို့ မရောင်းတော့ဘူး။ မရောင်းတော့ဘူးဆိုတာက ဆီမရတာရော၊ ဆီရတဲ့နေ့ကျရင်လည်း ကျွန်မတို့ သွားယူရတာ ဘာညာတွေနဲ့ ဈေးတက်လာမယ့် အရိပ်ယောင်ကိုလည်း တွက်ရတော့ မကိုက်တော့ဘူး။ ကျွန်မတို့ဘက်မှာက ဆိုင်ကယ်၊ ဂွန်ဒေါင်းနဲ့ စက်လှေတွေ များတယ်။ ဂွန်းဒေါင်းလောက်ကလွဲရင် ဆိုင်ကယ်တို့ စက်လှေတို့က မလိုအပ်ရင် မဝယ်တော့ဘူး။ ဆီဈေးကအခု ကျွန်မတို့ရောင်းမယ်ဆို အနိမ့်ဆုံး ၇ ထောင်ပဲ။ မဟုတ်ရင် မရောင်းနိုင်ဘူး။ ဒီတော့ ဝယ်တဲ့သူတွေကလည်း တော်ရုံမဝယ်ကြတော့ဘူး။ အရေးတကြီး သုံးဖို့အတွက်လောက် ဝယ်ထားပြီးတော့ ဒီတိုင်းနေကြတာ။ ဒီတော့ ခွဲတမ်းရတဲ့ ဆီကလည်း နည်းလာတော့ ကျွန်မတို့လည်း ဆီများများဝယ်ကြတဲ့ စက်သမား(ရိတ်သိမ်းချွေလှေ့)သမားတွေကိုပဲ အဓိကထားပြီး ရောင်းဖို့ လုပ်ထားတယ်။

🔹 ဖျာပုံက ငါးဖမ်းစက်လှေတွေရဲ့ အခြေအနေ။

ငါးဖမ်းလှေတွေကတော့ သွားပြီလေ။ အကုန်ရပ်ပြီ ဆီမရတော့။ အကုန်သိမ်းကုန်ကြပြီ။ ကားတွေကတော့ ဖြစ်သလိုရှာပြီး သွားနေကြတယ်။ ဒါပေမယ့် ကားခတွေ တက်တယ်။ အရင် သုံးထောင်က ငါးထောင်လောက် ဖြစ်သွားတယ်။ ဆိုင်ကယ်ဆိုရင်လည်း အရင်က တသောင်းခွဲ၊ အခု နှစ်သောင်းဖြစ်တာပေ့ါ။