လောင်စာဆီဖူလုံရေး မြင့်တင်ဖို့ ဖိလစ်ပိုင်က ဒေါ်လာ ၃၃၃ သန်းတန် ရန်ပုံငွေအစီအစဉ် စတင်

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ နိုင်ငံမှာ ၄၅ ရက်စာအတွက် လုံလောက်တဲ့ရေနံသိုလှောင်ထားမှု ရှိတယ်လို့ မနေ့က ပြောထားပါတယ်။

၂၆၊ မတ်။

အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် ရေနံဈေးနှုန်းတွေ ဆက်တိုက် မတည်မငြိမ်ဖြစ်နေတဲ့ကြားမှာ လောင်စာဆီဖူလုံရေး မြင့်တင်ဖို့ ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနက ပီဆို ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၃၃၃ သန်း) တန် အရေးပေါ်ရန်ပုံငွေတရပ်ကို စတင်အသုံးပြုတော့မယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ ပြောလိုက်ပါတယ်။

“အခုလို ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်တာဟာ ပြည်ပကလာတဲ့ ထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုတွေကနေ ဖိလစ်ပိုင်ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လောင်စာဆီကို အဆက်မပြတ်၊ လုံလုံလောက်လောက် စိတ်ချလက်ချ ရရှိနိုင်ဖို့ အစိုးရရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ပြသနေတာပဲ ဖြစ်တယ်”လို့ စွမ်းအင်ဌာနက ဆိုပါတယ်။

အဆိုပါ အစီအစဉ်အောက်မှာ အစိုးရအနေနဲ့ ပြည်တွင်းထောက်ပံ့မှုကို အားဖြည့်ပေးဖို့အတွက် လောင်စာဆီ စည်(ဘာရယ်လ်) ၂ သန်းအထိ ဝယ်ယူဖို့ စီစဉ်ထားသလို သန့်စင်ပြီးသား ရေနံထွက်ပစ္စည်းတွေနဲ့ အရည်ဓာတ်ငွေ့ (LPG) တွေကိုလည်း ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ နိုင်ငံမှာ ၄၅ ရက်စာအတွက် လုံလောက်တဲ့ရေနံသိုလှောင်ထားမှု ရှိတယ်လို့ မနေ့က ပြောထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ သူတို့သုံးစွဲနေတဲ့ ရေနံစိမ်းအားလုံးနီးပါးကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းနေတာဖြစ်ပြီး ဆော်ဒီအာရေဗျက အကြီးဆုံး ထောက်ပံ့သူ ဖြစ်ပါတယ်။ဒါကြောင့်လည်း ရေနံဈေးနှုန်း ရိုက်ခတ်မှုတွေနဲ့ ထောက်ပံ့မှု ပြတ်တောက်တာတွေဖြစ်လာရင် ထိခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေတာပါ။

တဘက်မှာလည်း မနီလာမြို့မှာ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတာကို ဖိလစ်ပိုင်နိုင်ငံသားတွေ ဆန္ဒပြနေကြပြီး အလုပ်သမားတွေအတွက် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာတွေလည်း ရှိနေပါတယ်။

Ref – Reuters