စက်သုံးဆီအခက်အခဲကြောင့် ငရုတ်ခင်းတွေပျက်မှာ တောင်သူတွေ စိုးရိမ်

“ဆီလုံး၀ ဝယ်မရတော့ရင် အခင်းတွေ တော်တော် နစ်နာသွားမှာ။ ထွက်နှူန်း သိသိသာသာကို လျော့သွားမယ်။ အဲဒါကိုပဲ စိုးရိမ်နေကြတာ”

၂၅၊ မတ်။

ဆောင်းသီးနှံ အဓိကစိုက်ပျိုးကြတဲ့ ဧရာ၀တီတိုင်းက မြို့နယ်တွေမှာ ဓါတ်ဆီတလီတာကို ကျပ်ငါးထောင်နီးပါးထိ စျေးရှိနေပြီး နီးစပ်တဲ့ ဆိုင်တွေကနေ ခွဲတမ်းနဲ့ ဝယ်နေကြရတာကြောင့် စိုက်ခင်းတွေ ရေမတင်နိုင်ဘဲ ပျက်စီးသွားမှာကို ဒေသခံတောင်သူတွေ စိုးရိမ်နေကြပါတယ်။

“နှစ်ရက် သုံးရက်လောက်စောင့်မှ တပုံး(တဂါလံ) ဝယ်လို့ရတယ်။ အဲလောက်ဆို ရေတင်ဖို့က အဆင်ပြေတယ်လို့တော့ ဘယ်ဟုတ်မလဲ၊ အဲဒါလေးကို မျှပြီးတော့ စောင့်ပြီးတင်ရတာပေ့ါ။ ရေမတင်တာ လွန်သွားရင် ပျက်သွားတတ်တာပေ့ါ” လို့ ဇလွန်မြို့နယ်မှ ငရုတ်စိုက် တောင်သူတဦးဖြစ်တဲ့ ကိုကြည်ခိုင်က ပြောပါတယ်။

 

ဇလွန်၊ မြန်အောင်၊ ဟင်္သာတမြို့နယ်တွေမှာ ငရုတ်၊ ပြောင်းစိုက်တောင်သူတွေ အများအပြားရှိပြီး ရေတင်ပေးဖို့ အချိန်အများကြီး လိုနေသေးပေမယ့် ဓါတ်ဆီဝယ်မရတာကြောင့် ရေအလုံအလောက် မတင်ရဖြစ်နေကြတာပါ။

တောင်သူတွေဟာ ရင်းနှီး၊ ခင်မင်ရာ ဓါတ်ဆီဆိုင်တွေကနေ နားလည်မှုနဲ့ ဝယ်ယူနေကြရကာ တချို့တောင်သူတွေဆိုရင် ဓါတ်ဆီဝယ်မရတဲ့ အခြေအနေတွေနဲ့ပါ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ဓါတ်ဆီတလီတာကို ကျပ် ၄၅၀၀ ကနေ ၆၀၀၀ ဝန်းကျင်ထိ စျေးရှိနေတယ်လို့ ပြောကြပါတယ်။

ဆယ်ရက်မှာ တကြိမ်လောက် ပုံမှန်ရေတင်ပေးရတဲ့ ငရုတ်ခင်းတွေကို ရေပုံမှန်မတင်ပေးနိုင်ရင် အသီးတွေ မဖြစ်ထွန်းဘဲ ပျက်စီးသွားတာ၊ အလေးချိန်လျော့တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

“အခုအတိုင်း နည်းနည်းစီပဲဖြစ်ဖြစ် ဝယ်လို့ရနေသေးရင် ပြဿနာမရှိဘူး။ ဆီလုံး၀ ဝယ်မရတော့ရင် အခင်းတွေ တော်တော် နစ်နာသွားမှာ။ ထွက်နှူန်း သိသိသာသာကို လျော့သွားမယ်။ အဲဒါကိုပဲ စိုးရိမ်နေကြတာ” လို့ ဟင်္သာတ မြို့နယ်မှ ငရုတ်စိုက်တောင်သူတဦးက ပြောပါတယ်။

အခုအခါ ငရုတ်ခင်းတွေဟာ အသီးမှည့်ခါနီး အချိန်ဖြစ်ပြီး ရှေ့တလလောက်ထိ ရေတင်ပေးရအုံးမယ်လို့ တောင်သူတွေက ပြောကြပါတယ်။

ငရုတ်သီး မှည့်ဖို့အားယူနေချိန်မှာ ရေပြတ်သွားရင် အသီးတွေက မကြီးထွားတော့ဘဲ အရွယ်အစားသေးသေး နဲ့ မှည့်သွားတတ်ပြီး အပွင့်တွေ၊ အသီးနုလေးတွေ ရှိနေသေးရင်လည်း မဖြစ်ထွန်းတော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရေပြတ်လပ်မှုကြောင့် အပင်က နွမ်းနယ်သွားတဲ့အခါ ပိုးမွှားဒဏ်နဲ့ ရောဂါဒဏ်တွေ ပိုခံရလွယ်သွားပြီး ပင်စည်နဲ့ အသီးပိုးထိုးတာတွေလည်း ဖြစ်တတ်တယ်လို့ ငရုတ်စိုက်တောင်သူတွေက ပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထွန်ယက်ခ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစတဲ့ စိုက်ပျိုးရေး သွင်းအားစုတွေ စျေးတက်နေခဲ့တာကြောင့် တောင်သူတွေမှာ အမြတ်ရဖို့တောင် ခက်ခဲနေချိန် အခုလိုစက်သုံးဆီ စျေးတွေ တက်လာတော့ ပိုပြီးအခက်ကြုံကြရတာပါ။

လာမယ့် ဧပြီလကုန်ပိုင်းကျရင် မိုးစပါးအတွက် ထွန်ယက်တာတွေ စလုပ်ကြရတော့မှာ ဖြစ်တာကြောင့် စက်သုံးဆီ စျေးတွေ ဒီအတိုင်း ဆက်တက်နေရင် လယ်သမားတွေမှာ လယ်လုပ်ဖို့ပင် မလွယ်နိုင်တော့ဘူးလို့လည်း ပြောကြပါ တယ်။

အဲဒီလို ဒေသတွင်း ဆီစျေးတွေတက်နေတာကြောင့် စိုက်ပျိုးရေးတောင်သူတွေအပြင် ရေလုပ်ငန်းလုပ်နေကြတဲ့ ငါးဖမ်းစက်လှေတွေဟာလည်း အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။ ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မှာလည်း ဓါတ်ဆီ တလီတာကို ကျပ် ၃၉၀၀ ကျော် စျေးရှိနေပြီး အလွယ်တကူဝယ် မရဖြစ်နေတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အာရှနိုင်ငံတွေကို အဓိက ရိုက်ခတ်လာပြီး စက်သုံး ဆီစျေးကွက်တွေမှာ အခုလို သက်ရောက်မှုတွေ ရှိလာတာပါ။ စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သားမိသားစုတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အခက်ကြုံလာနေပါတယ်။