
“တောင်အာရှက အရင်ဆုံး ဒီဒဏ်ကို ခံရတာ တွေ့ရတယ်၊ အဲဒီကမှတဆင့် အရှေ့တောင်အာရှ၊မြောက်အာရှ၊ အဲဒီနောက်မှာတော့ ဧပြီလထဲ ရောက်တာနဲ့အမျှ ဥရောပဘက်ကိုပါ ပိုပြီး ရိုက်ခတ်လာတော့မှာပါ”လို့ ပြောပါတယ်။
၂၅၊ မတ်။
အရှေ့အလယ်ပိုင်းစစ်ပွဲ ရှည်ကြာလာနေတာကြောင့် လာမယ့် လအတွင်း ဥရောပမှာ စွမ်းအင်ပြတ်လပ်မှုတွေ ကြုံလာရနိုင်တယ်လို့ Shell ကုမ္ပဏီအကြီးအကဲက သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့လက အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီးနောက်မှာစျေးကွက်တွေ ကမောက်ကမဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်လာခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရေနံကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ် ဝေးလ်ဆာဝမ်က ပြောပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်းရဲ့ ငါးပုံတပုံလောက်ဟာ အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသွားလာရတာပါ။ ဒါပေမဲ့ အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် ကုန်စည်စီးဆင်းမှုတွေဟာအားလုံးနီးပါး ရပ်တန့်သွားခဲ့ပါတယ်။
ဒါပေမဲ့ ရန်လိုတဲ့သဘောမရှိတဲ့ သင်္ဘောတချို့ကိုတော့ ဖြတ်သန်းခွင့်ပြုမယ်လို့အီရန်က ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ကိုအင်္ဂါနေ့ညနေပိုင်းမှာ အကြောင်းကြားခဲ့ကြောင်း Financial Times သတင်းမှာ ဖော်ပြထားပါတယ်။
တက္ကဆက်ပြည်နယ်၊ ဟူစတန်က ညီလာခံတခုမှာ မစ္စတာဆာဝမ်က ပြောကြားရာမှာတော့ အရှေ့အလယ်ပိုင်းက ရေနံနဲ့ ဓာတ်ငွေ့ကို အဓိကအားထားနေရတဲ့ အာရှနိုင်ငံတွေမှာဆိုရင် တပတ်ကို လေးရက်ပဲ အလုပ်လုပ်ဖို့ သတ်မှတ်တဲ့
စွမ်းအင်ချွေတာရေး ကန့်သတ်ချက်တွေ စတင်ကျင့်သုံးနေပြီလို့ ထောက်ပြသွားပါတယ်။
ဥရောပနိုင်ငံတွေအနေနဲ့လည်း မကြာခင်မှာ အလားတူ အစီအမံတွေကိုလုပ်ဆောင်ဖို့ လိုလာလိမ့်မယ်လို့ သူက အကြံပြုပါတယ်။
“တောင်အာရှက အရင်ဆုံး ဒီဒဏ်ကို ခံရတာ တွေ့ရတယ်၊ အဲဒီကမှတဆင့် အရှေ့တောင်အာရှ၊မြောက်အာရှ၊ အဲဒီနောက်မှာတော့ ဧပြီလထဲ ရောက်တာနဲ့အမျှ ဥရောပဘက်ကိုပါ ပိုပြီး ရိုက်ခတ်လာတော့မှာပါ”လို့ ပြောပါတယ်။
“ဒါကြောင့် ကျွန်တော်တို့က အစိုးရတွေကို ကြိုတင်သတိပေးဖို့ ကြိုးစားနေတာပါ။ သုံးစွဲမှုကို ဘယ်လိုထိန်းချုပ်မလဲ၊ သိုလှောင်မှုကို ဘယ်လိုလုပ်မလဲ၊ ရေနံလက်ကျန်တွေကို ဘယ်လိုဝယ်ယူမလဲ စတဲ့ အစီအမံတွေကို လုပ်ဆောင်နိုင်ဖို့တိုက်တွန်းနေတာပါ” လို့ သူက ဆက်ပြောပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပြီး ရေနံစီးဆင်းမှုကို တားဆီးလိုက်ပြီးနောက်မှာ ရေနံစျေးနှုန်းတွေဟာ တစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ကျော်အထိ တက်သွားခဲ့ပါတယ်။
အဆိုပါ ပဋိပက္ခကြောင့် လေယာဉ်ဆီ ပြတ်လပ်မှုတွေ ရှိနေပြီဖြစ်သလိုနောက်ထပ် ဒီဇယ်ဆီ၊ အဲဒီနောက်မှာတော့ ဓာတ်ဆီတွေပါ ပြတ်လပ်လာနိုင်တယ်လို့ မစ္စတာဆာဝမ်က သတိပေးပါတယ်။
ဒါ့အပြင် ဗင်နီဇွဲလားသမ္မတဟောင်း နီကိုးလက်စ်မာဒူရို ရာထူးကနေ ဖယ်ရှားခံရပြီးနောက်ပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံက သဘာဝဓာတ်ငွေ့စီမံကိန်းတွေနဲ့ရေနံလုပ်ကွက်သစ်တွေကို Shell အနေနဲ့ မျက်စိကျနေတယ်လို့လည်း သူကကြေညာသွားပါတယ်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ကတော့ ရေနံနဲ့ ဓာတ်ငွေ့သုံးစွဲမှု လျှော့ချဖို့အတွက် အိမ်ကနေ အလုပ်လုပ်ကြဖို့နဲ့ ကားတစီးတည်းကို မျှစီးကြဖို့ဆိုတဲ့ အစီအမံတွေကို လုပ်ဆောင်ဖို့ အစိုးရတွေကို တိုက်တွန်းထားပါတယ်။
Ref – Independent
#ဥရောပ #စွမ်းအင်ပြတ်လပ်မှု #ကြုံရနိုင် #Shellအကြီးအကဲ #သတိပေး #DeltaNewsAgency #DNA