ညောင်တုန်းသားတယောက် ကိုရီးယားမှာ အလုပ်ခွင်ထိခိုက်မှုဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရ

 


အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတာကြောင့် အောက်ဆီဂျင်ပိုက်ဖြုတ်မလားဆိုတာကို မိသားစုနဲ့ ဆွေးနွေးနေဆဲပါ ”

၂၅၊ မတ်လ။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က အသက် ၃၃ နှစ်အရွယ် ကိုစန်းယုဟာ မနေ့က မတ်လ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်က ကိုရီးယားနိုင်ငံ ဟွာဆောင်မြို့၊ မာဒိုမြောင်က စက်ရုံတခုရဲ့  လုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အသက်ရှင်နေရုံမျှ အောက်ဆီဂျင်ပိုက်တပ်ထားရတဲ့ အခြေအနေနဲ့ အာဂျုတက္ကသိုလ် ဆေးရုံကြီးမှာ ရှိနေပါတယ်။

“သတိတော့ မရတော့ဘူးရှင့်၊ဆေးသက်ပဲ ရှိတော့တယ်။ ဦးနှောဏ်နဲ့ အသက်ရှုလမ်းကြောင်း ဆက်ထားတဲ့ အာရုံကြောမကြီးက ပြတ်ထွက်သွားတာတဲ”လို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

လက်ရှိအချိန်မှာ ကိုစန်းယုရဲ့ ဇနီးဖြစ်သူနဲ့ အစ်မဖြစ်သူက ကိုရီးယားနိုင်ငံကို လိုက်သွားနေပြီဖြစ်ပြီး ကာယကံရှင် မိသားစုတွေအနေနဲ့ ကိုစန်းယုရဲ့ အခြေအနေကို ဆုံးဖြတ်ပေးကြရမယ့် အခြေအနေမှာ ရှိနေပါတယ်။ မိသားစုဝင်တွေက ကိုစန်းယုကို ပြန်ခေါ် လာဖို့ ဆန္ဒရှိနေကြပေမယ့် တဖက်မှာလည်း ကုန်ကျစားရိတ်တွေကို တွက်ချက်စဉ်းစားနေရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

“မိသားစုနဲ့ အဆက်သွယ်ရပါတယ်။ ခွဲစိတ်နေတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတာကြောင့် အောက်ဆီဂျင်ပိုက်ဖြုတ်မလားဆိုတာကို မိသားစုနဲ့ ဆွေးနွေးနေဆဲပါ ” လို့ တောင်ကိုရီးယားရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။

ကိုစန်းယုမှာ ဇနီးနဲ့ ကလေးနှစ်ဦးရှိပြီး လုပ်ငန်းခွင်တွင်းမှာဖြစ်တဲ့ မတော်တဆမှု ဖြစ်တာကြောင့် လုပ်ငန်းခွင်ထိခိုက်နစ်နာမှု လျော်ကြေးတွေနဲ့ အခြားသော လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

ကိုစန်းယုဟာ ၂၀၁၇ ဝန်းကျင်လောက်ကတည်းက ကိုရီးယားနိုင်ကို ရောက်ရှိအလုပ်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး သူ့ကို ခင်မင်သူတွေက စန်းစန်းလို့ ခေါ် ကြတယ်လို့ သိရပါတယ်။

တောင်ကိုရီး သမ္မတနိုင်ငံကို မြန်မာနိုင်ငံကနေ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA) ကတဆင့် EPS စနစ်နဲ့ အလုပ်သမားတွေ စေလွှတ်နေပြီး ၂၀၂၅ ခုနှစ် အချက်အလက်တွေအရ မြန်မာလုပ်သား ၈ သောင်းခန့် အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။