တိုင်းလွှတ်တော် စတင်ချိန်မှာ မြေပြင်တိုက်ပွဲတွေ ပိုပြင်းထန်လာ

မြောက်စမ်းရွာအနီးမှာရှိတဲ့ အမတ ၃၄၄ တပ်ရင်းထဲကနေ ရိုးမတောင်ဘက်ဆီ စစ်ကြောင်းထိုး၊ ကာကင်းတွေ တိုးချနေတာကို AA ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အဲဒီဝန်း ကျင်မှာ တိုက်ပွဲပြင်းထန်နေတာပါ။

၂၄၊ မတ်။

ဧရာဝတီတိုင်းအတွင်းက ရေကြည်၊လေးမျက်နှာ နဲ့ အင်္ဂပူမြို့နယ်တွေ အတွင်းမှာ အခုလပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးထွက်ပေါက်တခုအဖြစ် အတုအယောင် ရွေးကောက်ပွဲတခုကို ဖန်တီးအပြီး သူတို့စိတ်ကြိုက် အစိုးရဖွဲ့နိုင်ဖို့ ပြင်ဆင်နေချိန် ကာလမှာပဲ စစ်ရေးအရ ဖိအားပေးတာတွေ ပိုပြီးလုပ်ဆောင်လာနေတာပါ။

“၃၄၄ကိုရော ချင်းကုန်းဘက်ကိုရော အင်အားဖြည့်တာတွေ ရှိတယ်။ စစ်ကားတွေ အသွားအလာ နေ့တိုင်းရှိတယ်။ တခါသွားရင် ကားငါးစီးလောက် စစ်သားအပြည့်နဲ့ သွားတယ်။ တခါတလေ လူနာတွေနဲ့ ပြန်လာတယ်” လို့ ငသိုင်း ချောင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ ရေကြည်အမြောက်တပ် အမတ ၃၄၄ နဲ့ ပုသိမ် – မုံရွာ ကားလမ်းတလျှောက် လေးမျက်နှာ မြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းတွေဆီ ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)နဲ့ ကျုံပျော်ခလရ ၃၆ တို့ကနေ အင်အားဖြည့်တင်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂပူမြို့နယ်အတွင်းရှိ ကွင်းကောက်မြို့ အနီးဝန်းကျင် ရှေ့တန်း တပ်စခန်းတွေ ဆီကိုလည်း ထူးကြီးမြို့ကနေ စစ်အင်အားပို့တာတွေ ရှိနေတယ်လို့ အဲဒီအခြေအနေကို သိထားတဲ့ မြန်အောင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

စစ်အင်အား၊ လက်နက် ဖြည့်တင်းတာတွေ အပြင် မြေပြင်မှာလည်း တိုက်ပွဲတွေ ရက်ဆက်ရှိနေတယ်လို့ ပြောကြပါတယ်။ “လက်နက်ကြီးသံတွေ ဒီရက်ပိုင်း ပြန်ကြားရတယ်ဗျ။ အမြဲတမ်းတော့ မကြားဘူး။ တဆင့်သတင်း ကြားတာကတော့ ကွင်းကောက်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ် ပြောကြတယ်” လို့ မြန်အောင်မြို့နယ်မှ အမည်မဖော် လိုသူဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ အမတ ၃၄၄ အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “ခွေးတွေ အင်အားဖြည့်တယ်။ ပြီးရင် တပ်ရင်းအပြင်ကိုပါ စစ်ကြောင်းထိုးတော့ တိုက်ပွဲက နေ့တိုင်းရှိတယ် ဒီဘက်မှာ” လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တဦးက အမတ ၃၄၄ အနီးတိုက်ပွဲအခြေအနေကို ပြောပြပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်းက အမတ ၃၄၄ ရဲ့ ကာကင်းစခန်းအချို့ကို သိမ်း ပိုက်ရရှိခဲ့တာ ရှိပါတယ်။

စစ်တပ်ဟာ မြောက်စမ်းရွာအနီးမှာရှိတဲ့ အမတ ၃၄၄ တပ်ရင်းထဲကနေ ရိုးမတောင်ဘက်ဆီ စစ်ကြောင်းထိုး၊ ကာကင်းတွေ တိုးချနေတာကို AA ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အဲဒီဝန်း ကျင်မှာ တိုက်ပွဲပြင်းထန်နေတာပါ။

အမတ ၃၄၄ ရဲ့ အနောက်ဘက်ခြမ်း ရိုးမတောင်ခြေတဝိုက်အပြင် အရှေ့ဘက်ခြမ်း ပုသိမ် – မုံရွာလမ်း အနီးဝန်းကျင် သီတာကုန်းပြင် ကျေးရွာတဝိုက်မှာလည်း တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အမတ ၃၄၄ အနီးဝန်းကျင် ကျေးရွာအချို့က ဒေသခံတွေဟာ တိမ်းရှောင်ထွက်ပြေး​နေ ကြရပါတယ်။

ဧရာ၀တီတိုင်းအတွင်း လေးမျက်နှာမြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏရှိနေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြတယ်လို့ သိရပါတယ်။

အခုအခါ ဧရာ၀တီတိုင်း ဂွ – ရွှေသောင်ယံ ကမ်းခြေတလျှောက် နေရာတွေ၊ ရခိုင်ရိုးမ တောင်ခြေတလျှောက် နေရာတွေ ၊ ပုသိမ် – မုံရွာလမ်းတလျှောက် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်အတွင်းရှိ ရခိုင်ပြည်နယ်စပ် နေရာအချို့ကို AA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ် နေပါတယ်။

အဲဒီထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က ကြည်း၊လေ အင်အား အလုံးအရင်းသုံးပြီး တန်ပြန် ထိုးစစ်ဆင်လာတာကြောင့် လက်ရှိမှာ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ အင်္ဂပူမြို့နယ်တွေ အတွင်းမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

စစ်တပ်က သူတို့စိတ်ကြိုက် ဖန်တီးထားတဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဧရာ၀တီတိုင်း လွှတ်တော်ကို စတင်ကျင်းပနေသလို တဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဧရာ၀တီဖက်ဒရယ်ယူနစ်လွှတ်တော် ဆိုတဲ့နာမည်နဲ့ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေကြပါတယ်။