ပင်လယ်ကွေ့ဒေသက စွမ်းအင်နဲ့ ရေအရင်းအမြစ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ အီရန်ခြိမ်းခြောက်

လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်တာက အီရန်ကို ထိခိုက်စေမှာဖြစ်ပေမဲ့အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအတွက်တော့ ပိုပြီး အန္တရာယ်ကြီးပါတယ်။

၂၃၊ မတ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ လျှပ်စစ်ဓာတ်အားကွန်ရက်ကို တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ထားတာကို တကယ်လုပ်လာခဲ့ရင် ပင်လယ်ကွေ့ဒေသတလွှားမှာရှိတဲ့ စွမ်းအင်နဲ့ ရေအရင်းအမြစ် အခြေခံ အဆောက်အအုံတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။

သောက်သုံးရေအတွက် ပင်လယ်ရေသန့်စင်စနစ်ကို အဓိကအားထားနေရတဲ့ အဆိုပါ ဒေသမှာအကြီးအကျယ် ထိခိုက်ပျက်စီးသွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အီရန်အစိုးရအနေနဲ့ ၄၈ နာရီအတွင်း ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်မဖွင့်ပေးဘူးဆိုရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အမေရိကန်က တိုက်ခိုက်မယ်လို့ ထရမ့်ကစနေနေ့နှောင်းပိုင်းမှာ သတိပေးခဲ့ပါတယ်။

ဒီအတွက် နောက်ဆုံးသတ်မှတ်ချိန်ကိုတော့ တနင်္လာနေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ည ၇နာရီ ၄၅ မိနစ် (ဂရင်းနစ်စံတော်ချိန် ၂၃:၄၅ နာရီ) လို့ သတ်မှတ်ထားပါတယ်။

အခုလို အရပ်ဘက်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် လက်တုံ့ပြန်တိုက်ခိုက်မယ့်အခြေအနေကြောင့် ရေနံစျေးကွက်မှာလည်း မတည်မငြိမ်ဖြစ်နေပြီး အာရှစျေးကွက်ဖွင့်ချိန်မှာစျေးနှုန်းတွေက အတက်အကျကြမ်းနေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ သုံးပတ်ကျော်ကြာ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ဒုံးကျည်စွမ်းဆောင်ရည်တွေ အများကြီးကျဆင်းသွားပြီလို့ တာဝန်ရှိသူတွေက ပြောနေပေမဲ့အီရန်ဘက်ကတော့ ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိသေးတယ်ဆိုတာကို ပြသနေဆဲပါ။

အမေရိကန် မရိန်းတပ်သားတွေနဲ့ အကြီးစား ကမ်းတက်ရေယာဉ်တွေ အဆိုပါ ဒေသကို ဦးတည်လာနေပေမဲ့ ပဋိပက္ခတွေကို လျှော့ချဖို့ အမေရိကန်ဘက်က အရိပ်အယောင်ပြပြီး တရက်တောင်မပြည့်ခင်မှာဘဲ ထရမ့်ရဲ့ အခုလို ပြင်းထန်တဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။

“ရန်သူကသာ အီရန်ရဲ့ လောင်စာဆီနဲ့ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်မယ်ဆိုရင် ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေပိုင်တဲ့ စွမ်းအင်၊ သတင်းအချက်အလက်နည်းပညာနဲ့ ပင်လယ်ရေသန့်စင်စက်ရုံ အားလုံးကို အရင်က သတိပေးထားတဲ့အတိုင်း ပစ်မှတ်ထား တိုက်ခိုက်သွားမှာပါ” လို့ အီရန်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် အီဗရာဟင် ဇော်ဖာဂါရီက ပြောကြားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်တာက အီရန်ကို ထိခိုက်စေမှာဖြစ်ပေမဲ့အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအတွက်တော့ ပိုပြီး အန္တရာယ်ကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဆိုပါ နိုင်ငံတွေက လူတဦးချင်း လျှပ်စစ်သုံးစွဲမှုဟာ အီရန်ထက် ငါးဆလောက် ပိုများလို့ပါပဲ။

သူတို့ရဲ့ သဲကန္တာရထဲက ခေတ်မီမြို့ကြီးတွေဟာ လျှပ်စစ်အားကို အဓိက အားကိုးနေရတာဖြစ်ပြီးဘာရိန်းနဲ့ ကာတာနိုင်ငံတို့မှာဆိုရင် သုံးစွဲနေတဲ့ ရေအားလုံးဟာ လျှပ်စစ်နဲ့လည်ပတ်တဲ့ ပင်လယ်ရေသန့်စင်စက်ရုံတွေကနေ ရတာပါ။

ယူအေအီးမှာလည်း သောက်သုံးရေ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ဆော်ဒီအာရေဗျမှာ ရေပေးဝေမှုရဲ့၅၀ ရာခိုင်နှုန်းဟာ အဆိုပါ စက်ရုံတွေအပေါ်မှာပဲ မူတည်နေပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ကလည်း အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေသာ တိုက်ခိုက်ခံရရင် အရှေ့အလယ်ပိုင်း ဒေသက အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေနဲ့ စွမ်းအင်စက်ရုံတွေဟာ ပြန်ပြုပြင်လို့မရအောင် ပျက်စီးသွားလိမ့်မယ်လို့လူမှုကွန်ရက် X မှာ ရေးသားပြီး ထပ်မံသတိပေးလိုက်ပါတယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတပုံလောက် ဖြတ်သန်းသွားလာနေတဲ့ အီရန်တောင်ဘက်ကမ်းရိုးတန်းက ရေကြောင်းလမ်းကြောင်းကိုလည်း ဆက်ပြီး ပိတ်ထားမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြောပါတယ်။

“ဟော်မုဇ် ရေလက်ကြားကို အပြီးအပိုင် ပိတ်ပစ်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပျက်စီးသွားတဲ့စက်ရုံတွေကို ပြန်မတည်ဆောက်နိုင်မချင်း ပြန်ဖွင့်ပေးမှာမဟုတ်ဘူး” လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အဆိုပါ စစ်ပွဲကြောင့် လူပေါင်း၂၀၀၀ ကျော် သေဆုံးခဲ့ရပါပြီ။

စစ်ပွဲကြောင့် စျေးကွက်တွေ ကမောက်ကမဖြစ်ကုန်သလို လောင်စာဆီစျေးတွေ တက်လာပြီးကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်တွေနဲ့အတူ အနောက်အုပ်စု မဟာမိတ်အဖွဲ့တွေကြားမှာလည်း ဂယက်ရိုက်ခတ်မှုတွေ ဖြစ်နေပါတယ်။

 

Ref – Reuters