အမေရိကန်က မရိန်းတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ အရှေ့အလယ်ပိုင်းဆီ စေလွှတ်

ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်စတင်ဖြစ်ပွားကတည်းက ရေနံစျေးနှုန်းတွေဟာ ၅၀ ရာခိုင်နှုန်းလောက်အထိ ခုန်တက်သွားပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

 

၂၁၊ မတ်။

 

အမေရိကန်စစ်တပ်က မရိန်းတပ်ဖွဲ့ဝင် ထောင်နဲ့ချီကို အရှေ့အလယ်ပိုင်းဒေသဆီ ထပ်မံစေလွှတ်နေတယ်လို့တာဝန်ရှိသူတွေက သောကြာနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

အမေရိကန် တာဝန်ရှိသူ သုံးဦး ရိုက်တာသတင်းဌာနကို ပြောပြတာကတော့ မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့အတူ USS Boxer လို့ခေါ်တဲ့ ရေရောကုန်းပါ နှစ်သွယ်သုံး တိုက်ခိုက်ရေးသင်္ဘောနဲ့ တခြား စစ်သင်္ဘောတွေကို ဒေသတွင်းကိုစေလွှတ်မယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ သူတို့ ဘာလုပ်မလဲဆိုတာကိုတော့ အတိအကျ မပြောပါဘူး။

 

အီရန်နိုင်ငံထဲကို တပ်တွေ လွှတ်၊ မလွှတ်ဆိုတာကိုတော့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ တာဝန်ရှိသူ နှစ်ဦးကပြောပါတယ်။

 

ထရမ့်ကတော့ အမေရိကန်ဟာ စစ်ပွဲရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ အီရန်စစ်တပ်ကို အားနည်းသွားစေဖို့နဲ့နျူကလီးယားလက်နက် မထုတ်နိုင်အောင် တားဆီးဖို့ဆိုတဲ့ အချက်တွေကို ရောက်ရှိဖို့ နီးစပ်နေပြီဖြစ်လို့ စစ်ရေးလှုပ်ရှားမှုတွေကို လျှော့ချသွားနိုင်တယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် သူတို့နဲ့ ကြိုတင်မတိုင်ပင်ဘဲ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ကူညီပေးဖို့ငြင်းဆန်နေတဲ့ မဟာမိတ်တွေကို ထရမ့်က သူရဲဘောကြောင်သူတွေလို့ ခေါ်ဆိုလိုက်ပါတယ်။

 

မဟာမိတ်တချို့ကတော့ ရေလက်ကြား ဘေးကင်းဖို့အတွက် သင့်တော်တဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်မယ်လို့ ကတိပြုထားပါတယ်။

ဒါပေမဲ့ ဂျာမနီနဲ့ ပြင်သစ်ကတော့ အရင်ဆုံး တိုက်ပွဲတွေ ရပ်တန့်ရမယ်လို့ ပြောပါတယ်။

 

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်ကတော့ အခုအပတ်ထဲမှာ ထရမ့်နဲ့ စကားပြောမယ်လို့ ဆိုပါတယ်။

 

ဗြိတိန်အစိုးရကတော့ ဗြိတိန်မှာရှိတဲ့ သူတို့ရဲ့ စစ်အခြေစိုက်စခန်းတွေကို အသုံးပြုပြီး ရေလက်ကြားကသင်္ဘောတွေကို ပစ်မှတ်ထားနေတဲ့ အီရန်ဒုံးကျည်စခန်းတွေကို တိုက်ခိုက်ဖို့ အမေရိကန်ကို ခွင့်ပြုလိုက်ပါတယ်။

 

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု ငါးပုံတပုံလောက် ဖြတ်သန်းရာ အဆိုပါ ရေလမ်းကြောင်းဟာ လွန်ခဲ့တဲ့ သုံးပတ်နီးပါးက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စစ်စတင်တိုက်ခိုက်ကတည်းက သင်္ဘောအများစုဖြတ်သန်းလို့မရအောင် ပိတ်ဆို့နေခဲ့တာပါ။

 

အီရန်နဲ့ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အရေးပါတဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။

 

ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်စတင်ဖြစ်ပွားကတည်းက ရေနံစျေးနှုန်းတွေဟာ ၅၀ ရာခိုင်နှုန်းလောက်အထိ ခုန်တက်သွားပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

 

Ref – Reuters