ဒီမိုကရေစီအရောင်ခြယ်ထားတဲ့ အာဏာရှင်လမ်းမနဲ့ ဝေဖန်ခွင့်မဲ့ လွှတ်တော်သစ်

၁၉၊မတ်လ။

မြန်မာ့နိုင်ငံရေးဟာ ငါးနှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်ရဲ့ အနက်ရှိုင်းဆုံးသော ချောက်ကမ်းပါးအတွင်းသို့ ကျရောက်နေခဲ့ပါတယ်။အခုအချိန်မှာ အာဏာသိမ်းစစ်ကော်မရှင်
ဟာ သူတို့ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင် ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း ရွေးကောက်ပွဲတခု ကျင်းပပြီးစီးခဲ့ကာ လွှတ်တော်စင်မြင့်နဲ့ အသွင်ပြောင်း အာဏာရှင်အစိုးရသစ် တရပ်ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ပေါ်လာတော့မယ့် အဲဒီလွှတ်တော်ဟာ ပြည်သူ့အသံကို နားစွင့်ဖို့မဟုတ်ဘဲ အာဏာရှင် စနစ်ကို သက်တမ်းဆွဲဆန့်ဖို့နဲ့ တရားဝင်မှု အတုအယောင် ဖန်တီးဖို့သာ ရည်ရွယ်ထားတာဖြစ်ပြီး အဲဒီလွှတ်တော် ကနေတဆင့် ဖွဲ့လာမယ့် အစိုးရအဖွဲ့ဟာလည်း ယူနီဖောင်းပြောင်း အာဏာရှင်တွေအစုအဖွဲ့သာ ဖြစ်လာမှာပါ။

🔹 စစ်တပ်ပါတီတွေကိုသာ အသာစီးရစေခဲ့တဲ့ မဲရလဒ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတို့ အတွင်းမှာ အသုတ်သုံးသုတ်ခွဲကာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ ၁၈ ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ ၂၀ ရက်နေ့မှာ တိုင်း/ပြည်နယ်လွှတ်တော်အစည်းအဝေးတွေကို စတင်ကျင်းပဖို့ ခေါ်ယူထားပါတယ်။

စစ်အုပ်စု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၀၂၅ ခုရှိခဲ့ပြီး အဲဒီထဲက ၇၃၉ နေရာကို စစ်တပ်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရခဲ့ပြီး နေရာအားလုံးရဲ့ ၇၂ ရာ ခိုင်နှုန်းကျော် ရှိပါတယ်။

လွှတ်တော်ထိုင်ခုံတွေထဲ အလိုအလျောက် ရောက်လာမယ့် ၂၅ ရခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တွေလည်း ရှိလာအုံးမှာပါ။ ကျန်ပါတီတွေကတော့ နေရာအနည်းငယ်စီသာ ရခဲ့ကြပြီး စစ်အာဏာရှင် ပထမမျိုးဆက်ဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ၁၉၈၈ မှာ အမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်မှာလည်း စစ်တပ်က ဗိုလ်ချုပ်တွေကို ဘောင်းဘီချွတ်ပြီး ကိုယ်စားလှယ် ထဲ့သွင်းထားတဲ့ တစညပါတီ (တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ)ကတော့ လွှတ်တော်ကိုယ်စားလှယ် ၆၈ နေရာနဲ့ ဒုတိယနေရာအများဆုံးအနိုင်ရထားတာတွေ့ရပါ တယ်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၃၉ ဦး၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ၃၀ ဦး၊ စစ်ကော်မရှင်ဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀ ဦး စီရခဲ့ကြပြီး ကိုယ်စားလှယ်တဦးမှ အနိုင်မရ၊ အချိုးကျကိုယ်စားပြုစနစ်(PR)အရပင် ရွေးချယ်မခံရတဲ့ ပါတီအချို့လည်း ရှိနေပါ တယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၅၇ ခု ဝင်ပြိုင်ခဲ့ရာ ၂၅ ပါတီဟာ တနေရာမှ အနိုင်ရခဲ့တာ မရှိပါဘူး။ *
( တနေရာမှ အနိုင်မရခဲ့တဲ့ ၂၅ ပါတီ စာရင်းဖြစ်ပါတယ်။ လေဘာပါတီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွှတ် ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ မျိုးဆက်သစ် ဝံသာနုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ပြည်သူ့အလုပ်သမားပါတီ၊ မွန်တိုးတက်ရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ၊ လူထုပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၊ မြိုတိုင်းရင်းသာား ဖွံ့ဖြိုးရေးပါတီ၊ ခူမီအမျိုးသားပါတီ)

🔹 မျှတ၊ ပွင့်လင်းမှုမရှိတဲ့ မဲရလဒ်အပေါ် မဝေဖန်ရဲကြတဲ့ အသုံးချခံ နိုင်ငံရေးပါတီတွေ

စစ်တပ်က ငါးနှစ်​ကြာ စီစဉ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ပါတီ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ တစညပါတီ တို့ အနိုင်ရခဲ့တာဟာ ထူးဆန်းတာမဟုတ်ဘဲ နိုင်ငံရေးအကဲခတ်တွေ ကြိုတင်ခန့်မှန်းခဲ့ကြတဲ့အတိုင်းဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၊ အုပ်ချုပ်ရေးအဖွဲ့တို့ဟာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး စနစ်တကျ ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး တပ်မတော်သားမဲတွေ၊ ကြိုတင်မဲတွေကနေ အဓိက အသာစီးရခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေနဲ့ နိုင်ငံရေးပါတီတွေက ပြောထားကြပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ဟင်္သာတမြို့နယ်မှာဆိုရင် မဲပေးနေချိန်အတွင်းမှာပဲ မဲပုံးတွေ တပြိုင်တည်း ပျက်သွားတာ ရှိခဲ့သလို မြို့နယ်တိုင်းနီးပါးမှာ ကြိုတင်မဲကောက်ချိန် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကပဲ ကောက်ယူသွားတာ၊ တခြားပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေ လိုက်ပါကြည့်ရှုခွင့်မရှိတာ တို့လည်း ရှိခဲ့ပါတယ်။

“ကြိုတင်မဲပေ့ါဗျာ။ ကြိုတင်မဲကြောင့်နိုင်တာ။ ပြည်သူတွေ မဲမပေးကြတာလည်း တပိုင်းပေ့ါ၊ မဲပေးတဲ့သူတွေကျ တော့လည်း ကြံ့ခိုင်ရေးက မက်လုံးပေး၊ ခြိမ်းခြောက်ထားတော့ ကြံ့ခိုင်ရေးကိုပဲ ပေးကြတယ်” လို့ ဖျာပုံမြို့နယ်မှ ရွေးကောက်ပွဲနှစ်ကြိမ် မဲပေးခဲ့ပြီး အခုအကြိမ် မဲမပေးခဲ့တဲ့ ကိုမင်းခန့်(အမည်လွှဲ)က ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေကို နိုင်ငံရေးပါတီတွေက အမည်ဝှက်ပြီး မီဒီယာတွေမှာ ပြောကြားခဲ့ကြတာရှိပေမယ့် စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားတာ၊ ကန့်ကွက်လွှာတင်တာတွေ ဆက်လုပ်ကြတာ မတွေ့ရပါဘူး။

ကြိုတင်မဲကြောင့် အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကို စိုးမိုးတော့မယ့်အခြေအနေနဲ့ နိုင်ငံရေးအချင်းအကျင်းအပေါ် သဘောထားမှတ်ချက်မေးမြန်းတဲ့အခါမှာလည်း တစုံတရာ မှတ်ချက်ပေးစရာမရှိဘူးလို့ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ဘာမှ မပြောပါဘူး” လို့သာ DNA ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ကလည်း မဲရလဒ်နဲ့ပက်သက်ပြီးတော့ ပြောစရာ
“မရှိပါ ဘူး။ ဘာမှ မပြောချင်ပါဘူး” လို့ တုံ့ပြန်ပါတယ်။

ကန့်ကွက်လွှာတင်မယ့် အတိုက်အခံ ပါတီမရှိ
ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာ၊ အပြင်မှာ တကယ်မရှိသူတွေ မဲစာရင်းထဲပါနေတာ၊ ကြိုတင်မဲ ပွင့်လင်းမြင် သာမှုမရှိတာ၊ မဲပေးနေချိန် မဲပေးစက်ပျက်တာစတဲ့ တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့ လက္ခဏာတွေ များစွာရှိခဲ့ပေမယ့်လည်း အတိုက်အခံပါတီတွေကတော့ ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်တာတွေ မလုပ်ကြပါဘူး။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ကန့်ကွက်လွှာတင်တဲ့ အမှုနှစ်ခုသာ ရှိပြီး အဲဒီနှစ်မှုလုံးဟာလည်း ကြံ့ခိုင်ရေးပါတီကပဲ တင်တာဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်း နိုင်သူအကုန်ယူစနစ်မှာ တနေရာမှ အနိုင်မရ ရှုံးနိမ့်ခဲ့တဲ့ ပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခု မဟုတ်ကြောင်း၊ ကြိုတင်မဲ ပွင့်လင်းမှု မရှိကြောင်း၊ မဲစာရင်းပျက်တဲ့ကိစ္စ တွေရှိခဲ့ကြောင်း ထုတ်ပြောထားပေမယ့် ကန့်ကွက်လွှာတင်ခဲ့တာ မရှိပါဘူး။

“ကန့်ကွက်လွှာတင်လည်း ဘာမှ ထူးမယ်မထင်ဘူး” လို့ ပြည်သူ့ပါတီရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကြိုတင်မဲကြောင့် ရွေးကောက်ပွဲမှာ အနိုင်မရတာဖြစ်တယ်လို့ အွန်လိုင်းပေါ် ဝေဖန်မှုတွေ အများအပြား လုပ်ခဲ့တဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုက်ရက်တစ်ပါတီ(ကျားဖြူပါတီ)ဆိုရင်လည်း ရွေးကောက်ပွဲ ရလဒ်အပေါ် ကန့်ကွက်လွှာတင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

အလားတူပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်နေရာ ၂၀ သာ ရခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်ကလည်း ကန့်ကွက်လွှာတင်ဖို့ မရှိဘူးလို့ ပြောပါတယ်။

ဒီမိုကရေစီနိုင်ငံတခုရဲ့ အသက်သွေးကြောဟာ လွတ်လပ်စွာ ဝေဖန်ထောက်ပြခွင့် ဖြစ်ပေမယ့်လည်း အခုရွေး ကောက်ပွဲမှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အမှားအယွင်းတွေနဲ့ မမှန်ကန်မှုတွေကို ဝေဖန်၊ ကန့်ကွက်ဖို့ကို နိုင်ငံရေးပါတီတွေ စိုးရွံ့နေကြပါတယ်။ဒါဟာ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကာ အခြားပါတီတွေ အိမ်ဖြည့်အနေနဲ့သာ ပါဝင်ခဲ့ကြရတဲ့ အခြေအနေကို ထင်ရှားစွာပြသနေတဲ့ အဓိကအချက်တခု ဖြစ်ပါတယ်။

“ကန့်ကွက်လွှာတွေတင်ကြရင်တောင် သူ့တို့သတ်မှတ်ထားတဲ့အတိုင်း ဆုံးဖြတ်မှာပဲ၊ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲ၊ စစ်တပ်က ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ပဲလေ။ သူတို့စိတ်ကြိုက်လုပ်မှာပဲ။ ဒါပေမယ့် မမှန်တာကို မမှန်ဘူးလို့တော့ ပြောရဲဖို့လိုတယ်” လို့ ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးက ပြောပါတယ်။

အထူးသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေနဲ့ အသာစီးရယူကာ အနိုင်ရခဲ့တယ်ဆိုတဲ့ ဝေဖန်သံတွေ လူထုကြားမှာ ကျယ်လောင်နေပေမယ့် ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ နိုင်ငံရေးပါတီ တာဝန်ရှိ သူတွေဟာ အဲဒီအကြောင်းတွေကို မီဒီတွေပေါ် ထုတ်ဖော်ပြောဆိုဖို့ကိုလည်း ငြင်းဆန်ကြတာ တွေ့ရပါတယ်။

နုတ်ပိတ်ခံထားရတဲ့ နိုင်ငံရေးပါတီတွေဟာ အချိုးကျရထားတဲ့ ကိုယ်စားလှယ်အရေအတွက်တွေနဲ့ လွှတ်တော်ထဲ ရောက်လာပေမယ့်လည်း သူတို့ရဲ့ အဆိုပြု၊ မေးမြန်းချက်တွေဟာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပေါ်လွင်စေမှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

“အခုတောင် မပြောရဲတာ၊ လွှတ်တော်ထဲမှာလည်း စစ်တပ်ကို ဆန့်ကျင်တဲ့ကိစ္စတွေ ပြောရဲကြမယ်မထင်ဘူး” လို့ ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောပါတယ်။

🔹 ဧရာဝတီတိုင်းရဲ့ ပါတီအလိုက် အနိုင်ရမှုနဲ့ လွှတ်တော်အခင်းအကျင်း

မြို့နယ်ပေါင်း ၂၆ ခုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ တိုင်းဒေသကြီးလွှတ်တော်နေရာ ၅၂ ခု၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂၆ နေရာရှိပြီး အဲဒီနေရာတွေထဲက အားလုံးနီးပါးဟာ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရခဲ့ တာတွေ့ရပါတယ်။

ဧရာ၀တီတိုင်းဒေသကြီးရဲ့ တိုင်းလွှတ်တော်ထဲမှာ ရွေးကောက်ခံစရာမလိုဘဲ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ အလိုအလျောက် နေရာရလာမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၊ ကရင်နဲ့ ရခိုင် တိုင်းရင်းသားရေး ရာဝန်ကြီးနှစ်ဦးတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦး ရှိလာမှာပါ။

အဲဒီ ၇၂ ဦးထဲမှာ ကြံ့ခိုင်ရေးပါတီက ၃၇ ဦး(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ၇ ဦး၊ ပြည်သူ့ပါတီက ၃ ဦး ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၃ ဦး၊ ကရင်ပြည်သူ့ပါတီက ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦး ပါဝင်)နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦးတို့ ပါဝင်ပါတယ်။

ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ်ပါတီ ကြံ့ခိုင်ရေးက ၅၁ ဒသမ ၃ ရာခိုင်နှုန်း၊ စစ်တပ်ထောက်ခံတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ၁၀ ရာခိုင် နှုန်းနဲ့ ကျန်ပါတီတွေက ၁၃ ဒသမ ၇ ရာခိုင်နှုန်းစီ ထိုင်ခုံရကြမှာပါ။

ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီတို့ကတော့ တိုင်းလွှတ်တော်ထဲ ထိုင်ခုံနေရာ တခုမှ မရကြပါဘူး။ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာလည်း နိုင်သူအကုန်ယူစနစ်မှာ တနေရာမှ အနိုင်ရတာမရှိဘဲ အချိုးကျကိုယ်စားပြုစနစ်မှာ နေရာအနည်းငယ်စီ ရခဲ့ကြတာပါ။

ဒါ့ကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေး၊ တစညပါတီသုံးခုပေါင်း ထိုင်ခုံ ၆၂ (စုစုပေါင်း ၈၆ ရခိုင်နှုန်းကျော်)ရမှာဖြစ်ပြီး တခြားပါတီတွေအားလုံးကတော့ ၁၃ ရာခိုင်နှုန်းကျော်ပဲ ရကြမှာပါ။ အာဏာသိမ်းစစ်ကော်မရှင်က စိတ်ကြိုက်စီစဉ် ကျင်းပခဲ့တာမို့ အဲဒီလို စစ်တပ်ပါတီ ကြံ့ခိုင်ရေးက နေရာအား လုံးနီးပါအနိုင်ရခဲ့တာဖြစ်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။

စစ်ကော်မရှင်ဟာ နိုင်ငံရေးပါတီငယ်တွေ ကိုယ်စားပြုခွင့်ရစေဖို့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုတယ်လို့ ဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ PR စနစ်မှာ တနေရာမှ အချိုးကျမရခဲ့တဲ့ ပါတီ ၂၅ ခု ရှိခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံရေးအရ ကစားကွက်တခုသာဖြစ်ပြီး အခြားသော ပါတီငယ်တွေ အိမ်ဖြည့်သဘော ပါခွင့်ရစေဖို့ စီစဉ်ခဲ့ ခြင်းသာဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

PR စနစ်အရ ရွေးချယ်ခံရတဲ့ အနည်းငယ်သော ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်သွားပေမယ့်လည်း သူတို့ဟာ အိမ်ဖြည့် သဘောထက် မပိုနိုင်ဘဲ ပြည်သူ့အသံ ထင်ဟပ်နိုင်မှာ မဟုတ်ပါဘူး။ပြည်သူ့အသံကို ထင်ဟပ်လိုစေဦးတော့၊ လွှတ်တော်တွင်း ပြောဆိုခွင့်နဲ့ ဆုံးဖြတ်ချက်ချနိုင်မှု အာဏာကတော့ စစ်တပ်အလိုကျ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်အုပ်စု ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ပေါ်လာမယ့် လွှတ်တော်ဟာ ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် နေရာမဟုတ်ဘဲ အာဏာရှင်တို့ရဲ့ အမိန့်တွေကို အတည်ပြု၊ ပြဌာန်းပေးမယ့် နေရာတခုသာ ဖြစ်လာမှာပါ။

“အခု ဥပဒေမဲ့ စစ်မှုထမ်းကြေး ကောက်နေတာကိုတောင် စစ်မှုထမ်းကြေးကို တရားဝင်ကောက်လို့ရအောင် ဥပေဒတွေ ပြဌာန်းတဲ့ထိတောင် ဖြစ်လာနိုင်တယ်။ အကုန်လုံးက အခုစကစနဲ့ အတူတူပဲ ဖြစ်လာမှာ။ ပိုဆိုးရင်တောင် ဆိုးလာမှာ။ လူထုကို ဖိနှိပ်တဲ့ဥပဒေတွေ ပေါ်လာနိုင်တယ်” လို့ ဘိုကလေးမြို့နယ်မှ လူငယ်တဦးဖြစ်တဲ့ ကိုကျော် (အမည်လွှဲ)က ဝေဖန်ပါတယ်။

စစ်ကော်မရှင် လက်အောက်ခံမှာ ဝင်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲအလွန် လွှတ်တော်ထဲမှာ ဘာတွေဆက်လုပ်သွားမယ်ဆိုတဲ့ တိကျတဲ့မူဝါဒတွေလည်း ချမှတ်ထားတာ မတွေ့ရပါဘူး။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဌဖြစ်သူ ၊ စစ်ကော်မရှင်ဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်က “အဲဒါက လွှတ်တော်ကိုယ်စားလှယ်တွေ သူ့ဟာသူ လုပ်ပါလိမ့်မယ်ရှင့်၊ ကျွန်မတို့ ပါတီအနေနဲ့ကတော့ ပြောစရာမရှိပါဘူးရှင့်” လို့ ပြောပါတယ်။လွှတ်တော်ထဲမှာ ပြည်သူတွေအတွက် ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲဆိုတဲ့ မေးခွန်းအပေါ် ဒေါ်သက်သက်ခိုင်က ဖြေကြားတာဖြစ်ပါတယ်။

🔹 အာဏာရှင် ဒီဇိုင်းသစ်နဲ့ အစိုးရအဖွဲ့

အခုလာမယ့် မတ်လ ၂၀ ရက်နေ့မှာ ဧရာ၀တီတိုင်းလွှတ်တော် စခေါ်မှာဖြစ်ပြီး အဲဒီနေ့မှာပဲ တိုင်းဝန်ကြီးချုပ်ကို အနိုင်ရ ကြံ့ခိုင်ရေးပါတီက စိတ်ကြိုက်အမည်စာရင်း တင်သွင်းခန့်အပ်ကြတော့မှာဖြစ်ပြီး တခြားအစိုးရအဖွဲ့ဝင် တွေကိုလည်း ဆက်လက်ခန့်လာမှာဖြစ်ပါတယ်။

အဲဒီအစိုးရအဖွဲ့မှာ ဘယ်သူတွေပါလာမယ်ဆိုတာကတော့ ရှင်းလင်းပါတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အလိုကျသူ တွေပါမှာဖြစ်ပြီး စစ်တပ်အရာရှိဟောင်းတွေ၊ အမျိုးသားရေး အစွန်းရောက်တွေ ပါဝင်နိုင်တယ်လို့ နီးစပ်သူတွေဆီက တဆင့် သိရပါတယ်။

ဧရာ၀တီတိုင်း ဝန်ကြီးချုပ်အဖြစ် ရေကြည်မြို့နယ်က ကြံခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်အနိုင် ရခဲ့တဲ့ လက်ရှိတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ ပုသိမ်မြို့နယ်က ဝင်ပြိုင်အနိုင်ရထားတဲ့ ဦးအေးကျော်တို့နှစ်ယောက်ထဲက တယောက်ကို ခန့်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေ ပါတယ်။

“ဦးအေးကျော်ရယ်၊ အခု တင်မောင်ဝင်းရယ်၊ နောက် ဦးသိန်းထွန်း ဆိုတဲ့တယောက်ရယ် အဲဒီ သုံးယောက်က ရေပန်းစားနေတယ်။ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေကတော့ သူတို့တွေထဲ ကပဲဖြစ်လိမ့်မယ်ထင်တယ်” လို့ ဧရာ၀တီတိုင်းလွှတ်တော်တက်ရမယ့် အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဦးသိန်းထွန်းဆိုတာ ကြံ့ခိုင်ရေးပါတီရဲ့ ဧရာဝတီတိုင်း ဥက္ကဌ အဖြစ်တာဝန်ယူထားသူ တဦးဖြစ်ပြီး ကြံ့ခိုင်ရေးအမတ်တွေထဲမှာ ထူးထူးခြားခြား ရွေးကောက်ပွဲ ၄ ကြိမ်စလုံး အနိုင်ရထားသူ ဖြစ်ပါတယ်။ဒီချုပ်ပါတီ အများစု အနိုင်ရခဲ့တဲ့ ၂၀၁၅၊၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက အနိုင်ရခဲ့သူ ဖြစ်ပြီး အခု စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး လွှတ်တော် ပြန်ဆင်းပြီး ပြိုင်လာတဲ့အတွက် တိုင်း လွှတ်တော်ဥက္ကဌ ဒါမှမဟုတ် ဝန်ကြီးချုပ် ဖြစ်နိုင်တယ်လို့ တွက်ဆနေကြတာပါ။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဒုတိယတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး တင်မောင်ဝင်းဟာ စစ်တပ်အတွက် လူယုံတဦးဖြစ်တာကြောင့် စစ်တပ်အလိုကျ ကြိုးဆွဲရာကမယ့်သူတဦးဖြစ်ပြီး လက်ရှိစစ်ကော်မရှင်နဲ့ ထူးမခြားနားတဲ့ တိုင်းအစိုးရအဖွဲ့သာဖြစ်လာမယ်လို့ ဒေသတွင်း အကဲခတ်တွေက သုံးသပ် ကြပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်အနိုင်ရခဲ့သူတွေထဲမှာ အမျိုးသားရေးအစွန်းရောက် သူတွေ၊ စစ်တပ်အရာရှိဟောင်းကြီးတွေ များစွာ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
ဧရာ၀တီတိုင်းအမျိုးသားလွှတ်တော်အမှတ်(၁)PRကနေ ဝင်ပြိုင်အနိုင်ရခဲ့တဲ့ လက်ရှိစစ်ကော်မရှင်ရဲ့ ပြည်ထောင်စု လ၀ကဝန်ကြီး ဦးဝင်းကြိုင်ကတော့ ဆက်ပြီးတော့ လ၀ကဝန်ကြီးနေရာ ရလာအုံးမယ်လို့ မှန်းဆကြပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းအမျိုးသားလွှတ်တော်အမှတ်(၁) PR ကနေပဲ ဝင်ပြိုင်အနိုင်ရတဲ့ ကြံ့ခိုင်ရေးပါတီဗဟိုအလုပ် အမှုဆောင်၊ တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်ဟာလည်း ဝန်ကြီးတနေရာရဖို့ ရေပန်းစားနေ ပြီး သူဟာ မဘသ ထောက်ခံအားပေးသူ၊ မြေယာကိစ္စ အရှုတ်အရှင်း ပြဿနာတွေ ရှိခဲ့သူတဦးဖြစ်ပါတယ်။

ဧရာ၀တီတိုင်း အမျိုးသားလွှတ်တော်အမှတ်(၂) PR ကနေ ဝင်ပြိုင်အနိုင်ရတဲ့ လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးချစ်ဆွေဟာလည်း အခုလာမယ့်အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးနေရာတခု ရလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

အဲဒီ စစ်တပ်အရာရှိဟောင်းတွေဟာ အစိုးရအဖွဲ့ထဲမှာ ဆက်လက်ပြီး တာဝန်ယူလာအုံးမယ် ဆိုရင်တော့ သူတို့ဟာ ပြည်သူ့ဘဝ တိုးတက်၊ အဆင်ပြေရေးထက် သူတို့ရဲ့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးမယ့်သူတွေ ဖြစ်တယ်ဆိုတာ သူတို့ရဲ့ နောက်ခံသမိုင်းတွေအရ သက်သက်ပြနေပါတယ်။

ဒါ့ကြောင့် စစ်ကော်မရှင်က စိတ်ကြိုက်ဖန်တီး၊ စီစဉ်ကာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရအဖွဲ့ဟာ နာမည်ခံ “အရပ်သားအစိုးရ”သာဖြစ်ပြီး နိုင်ငံတကာကို လှည့်စားဖို့ ကြိုးပမ်းတဲ့ အာဏာရှင်မျိုးဆက် ပုံစံသစ် အုပ်စုတခုသာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်​တွေက ဝေဖန်ကြပါတယ်။

🔹 ၂၀၂၀ အနိုင်ရကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက်နဲ့ တရားဝင်မှု

အဲဒီလို စစ်ကော်မရှင်က ကျင်းပမယ့် လွှတ်တော်နဲ့ လွှတ်တော်က ဖွဲ့လာမယ့် ဘယ်အဖွဲ့အစည်းကိုမဆို အသိအ မှတ်မပြုကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ ဧရာ၀တီဖက်ဒရယ်ယူနစ် လွှတ်တော်က မတ်လ ၁၃ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အဆိုတင်ခဲ့ပါတယ်။

အဲဒီအဆိုကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ တိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌ ဦးခင်ဝင်းက ပြောထားပါတယ်။
“ပြည်သူထောက်ခံ အားပေးခဲ့သည့် အဓိကနိုင်ငံရေးပါတီများ ပါဝင်ခဲ့ခြင်းမရှိသည့်အချိန်၌ ကျင်းပခဲ့ခြင်းကြောင့် စစ်မှန်ပြီးခိုင်မာသော ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ထင်ရှားတွေ့မြင်နိုင်ပါတယ်။ အထူးအရေးအကြီးဆုံးက တော့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတခု ဖြစ်ပြီး၊ ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အခွင့်အာဏာရှိနေတဲ့ တရားဝင်အဖွဲ့အစည်း တရပ်မဟုတ်ကြောင်း တင်ပြလိုပါတယ်” လို့ အဆိုရှင် ဒေါ်စုစုအောင်က အဆိုတင်သွင်းစဉ် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီလူအများစုရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်စေတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ တရား ဝင်ရွေးကောက်ပွဲဖြစ်သလို၊ ရလဒ်ဟာလည်း တရားဝင်ဆဲဖြစ်ကာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် တွေဟာ ပြည်သူက အပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကိုကျင့်သုံးပြီး၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ကြောင်း အဆိုရှင်က ပြောပါတယ်။

ပြည်သူလူထုရဲ့ဆန္ဒကို အမှန်တကယ် ဖော်ဆောင်နေတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံတကာ ပါလီမန်အဖွဲ့ IPU က ဆက်လက်အသိအမှတ် ပြုနေဆဲဖြစ်ပြီး ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲ ပါဝင်ဆောင်ရွက် နေရုံသာမက၊ နိုင်ငံတကာ စင်မြင့်ထက်မှာပါ တရားဝင် ကိုယ်စားပြုခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း အဆိုရှင်ဒေါ်စုစုအောင်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျင်းပနေတဲ့ ဧရာ၀တီ ဖက်ဒရယ်ယူနစ် လွှတ်တော်မှာ တိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ အစိုးရအဖွဲ့ ဖွဲ့ဖို့နဲ့ အုပ်ချုပ် ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ခြေလှမ်းပြင်တဲ့ အနေနဲ့ ကြားကာလ အစီအမံတရပ်ကိုလည်း တင်သွင်း၊ အတည်ပြုထားပါတယ်။
လက်ရှိမှာ ကြားကာလ အစီအမံရေးဆွဲနေတာ သုံးပုံတပုံဝန်းကျင် ပြီးစီးနေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်း/ပြည်နယ်အလိုက် ဖက်ဒရယ်ယူနစ်လွှတ် တော်တွေ ဖွဲ့စည်းဆောင်ရွက်နေပြီး ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မတ်လ ၁၆ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုလည်း ကျင်းပခဲ့ပြီး စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်နဲ့ ဖွဲ့စည်းလာမယ့် အဖွဲ့အစည်းတွေကို အသိအမှတ်မပြုကြောင်း အဆို တင်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီက ငါးနှစ်ကြာ အချိန်ယူ စီစဉ်ခဲ့တဲ့ ရွေးကောက်ပွဲဇာတ်ခုံဟာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် လမ်းစမဟုတ်ဘဲ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခတွေဆီကိုသာ ဦးတည်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

လွတ်လပ်စွာ ဝေဖန်ခွင့်ပင် မပေးဘဲ နိုင်ငံရေးပါတီတွေကို အသုံးချကာ တက်လာမယ့် အသွင်ပြောင်း စစ်တပ်အစိုးရဟာ ပြည်သူထောက်ခံတဲ့ အစိုးရတဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ အာဏာရ လမ်းဒီဇိုင်းသစ်ဟာ ပြည်သူတွေရဲ့ ကန့်ကွက်၊ ဆန့်ကျင်မှုတွေကို ရပ်တန့်စေမှာမဟုတ်ဘဲ မတရားမှုကို လက်မခံသူ တွေအဖို့ တွန်းလှန်မှုတွေကိုသာ ပိုဖြစ်လာစေမယ့် လမ်းတခုသာဖြစ်နေတာ တွေ့ရပါတယ်။