ဟင်္သာတနဲ့ မြန်အောင်ကြား ကားလမ်းဘေးရွာတွေမှာ အာဝါဒေးပွဲတွေ ဆက်တိုက်လုပ်နေ

“လောင်းကစားနဲ့ ပက်သက်ရင် အဓိကနယ်ထိန်းခေါင်းဆောင်တွေပဲ၊ သူတို့ကို အရေးယူဖို့လိုတယ်”

၁၈၊ မတ်။

ဟင်္သာတနဲ့ အင်္ဂပူ၊ မြန်အောင်မြို့တို့ကြား ကားလမ်းမကြီးတလျှောက် ဘေးပတ်လည်ကျေးရွာတွေမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတွေနဲ့ ပေါင်းပြီး အာဝါဒေးပွဲတွေ ဆက်တိုက်လုပ်နေတာကြောင့် အရေးယူဆောင်ရွက် ပြီး ဟန့်တားပေးဖို့လိုတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဟင်္သာတမြို့နယ် တလုတ္ထော်မြို့ အုပ်ချုပ်ရေးရုံးနဲ့ နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင်တို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းကာ အဲဒီလို လောင်းကစားဝိုင်းတွေ အများအပြားပါဝင်တဲ့ အာဝါဒေးပွဲတွေ လုပ်နေ တာလို့ ဆိုပါတယ်။

“လမ်းတလျှောက် လမ်းမပေါ်မှာရော၊ ရွာတွေမှာရော တရွာပြီးတရွာပတ်လုပ်နေတာ။ အုပ်ချုပ်ရေးနဲ့ နယ်ထိန်း တွေ လုပ်စားဖို့ ဂွင်ရှာတာပေ့ါဗျာ။ အပေါ်ကလည်း သိတယ်။ ဘာမှမလုပ်တာ။ လုပ်စားတဲ့ကောင်တွေအချင်းချင်း ကြည့်ထားကြတာ” လို့ အဲဒီအခြေအနေကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ဟင်္သာတမြို့နယ်ထဲက လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

အဲဒီအာဝါဒေးပွဲတွေကို တနေရာမှာ နှစ်ရက်စီ အလှည့်ကျကျင်းပပြီး လောင်းကစားဝိုင်းတွေက ရတဲ့ လိုင်းကြေး ငွေတွေကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ နယ်ထိန်းရဲတို့ခွဲဝေယူကြတယ်လို့လည်း သူက ဆိုပါတယ်။

ဟင်္သာတမြို့မှ ဒေသခံတဦးကလည်း အဲဒီလိုလောင်းကစားဝိုင်းတွေ လုပ်နေကြတာ ပွင့်လင်းရာသီကတည်းကဖြစ် ပြီး အရေးယူဆောင်ရွက်မှုတစုံတရာမတွေ့ရကြောင်း ပြောပါတယ်။

“လုပ်တဲ့ရွာတွေကတော့ အတည်မရှိဘူး။ တ ရွာပြီး တရွာပြောင်းလုပ်နေတာ” လို့ သူက ဆိုပါတယ်။

ဟင်္သာတမြို့ပေါ်မှ သက်လတ်ပိုင်းအရွယ်အမျိုးသားတဦးကလည်း တလုတ္ထော်မြို့နဲ့ မြို့အနီးပတ်လည် ကားလမ်းမ ပေါ်မှာ လောင်းကစားဝိုင်းတွေ မကြာခဏတွေ့ရတယ်လို့ ဆိုပါတယ်။ “အခုရက်ပိုင်းမှာ ရှိသေးလား၊ မရှိလား နယ်မှာ မရှိလို့ မသိဘူး။ အဲဖက်မှာ လောင်းကစားဝိုင်းတွေကတော့ ရှိတယ်” လို့ ပြောပါတယ်။

တလုတ္ထော်မြို့ပေါ်နဲ့ အဲဒီအနီးဝန်းကျင်ကျေးရွာတွေမှာ လုပ်တာပိုများပြီး  အင်္ဂပူ၊ မြန်အောင်မြို့နယ်ဘက်ရှိ ကျေး ရွာတွေထိပါ လောင်းကစားဝိုင်းတွေ၊ အာဝါဒေးပွဲတွေ ရောက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အင်္ဂပူမြို့နယ်ထဲမှာလည်း အခုလို လောင်းကစားဝိုင်းတွေက ကျေးရွာတွေဘက်မှာ ရှိနေပြီး အထူးသဖြင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက ၅ ) ရှိတဲ့ ကွင်းကောက်မြို့ ဝန်းကျင်မှာ အာဝါဒေးဝိုင်းတွေ ရှိတယ်လို့ ဒီချုပ်ပါတီရဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်အနိုင်ရ အင်္ဂပူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က ပြောပါတယ်။

“ အာဝါဒေးလို ကြီးကြီးကျယ်ကျယ်လုပ်တာက ပြီးခဲ့တဲ့လတွေက ကွင်းကောက် အပိုင်ထဲမှာ လုပ်တယ်လို့ သတင်းအချက်အလက်ရတယ်”လို့ ပြောပါတယ်။ အထူးသဖြင့် ပုသိမ်-မုံရွာ ကားလမ်းနဘေးရွာတွေ ဖြစ်တဲ့ စောပြာ၊ရှမ်းကွင်းစတဲ့ ရွာတွေနဲ့ အနီးဝန်းကျင်တွေမှာလည်း လောင်းကစားဝိုင်းတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီလောင်းကစားဝိုင်းတွေကြောင့် ဒေသခံတောင်သူလယ်သမားတွေမှာ လောင်းကစားဘက်လိုက်ပြီး အရှုံးပေါ် ၊ လောင်းကစားနွံနစ်တာတွေ ရှိနေတာကြောင့် သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူပေးဖို့လိုအပ်တယ်လို့ ဟင်္သာတမြို့မှ  နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ထောက်ပြပါတယ်။

“လောင်းကစားနဲ့ ပက်သက်ရင် အဓိကနယ်ထိန်းခေါင်းဆောင်တွေပဲ၊ သူတို့ကို အရေးယူဖို့လိုတယ်” လို့ သူက ဆို ပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေဟာ ကျေးလက်ရော မြို့ကြီးတွေပေါ်မှာပါ ပေါများလာနေပြီး လောင်းကစားနွံနစ်ပြီး အိမ်ပေါင်၊လယ်ပေါင် များပြားလာနေတာဖြစ်ပါတယ်။ အဲဒီလို အရပ်အခေါ် အာဝါဒေး လို့ခေါ်တဲ့  လောင်းကစားဝိုင်းကြီးတွေကို နယ်မြေရဲစခန်း တာဝန်ရှိသူတွေ အုပ်စုတာဝန်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေက ဦးစီးပြီး လောင်းကစားဒိုင်တွေနဲ့ ပေါင်းကျင်းပနေကြတာပါ။

အာဝါဒေး လောင်းကစားဝိုင်းတွေကို အရင်တုန်းက သုံးနှစ်တကြိမ် ဝန်းကျင်သာ ကျင်းပခဲ့တာဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပတ်မှာ သုံးကြိမ်၊ လေးကြိမ်ထိ ကျင်းပတာတွေ ရှိလာတယ်လို့ အသက် သုံးဆယ်ဝန်းကျင်အရွယ် ဘိုကလေးမြို့နယ်မှ လူငယ်တဦးက ပြောထားပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အဲဒီလို အာဝါဒေးပွဲတွေအပြင် ရပ်ကွက်၊ ကျေးရွာအတွင်းမှာလည်း အုပ်စုအုပ်ချုပ်ရေး၊ ရပ်ရွာရာအိမ်မှူးတွေရဲ့ ခွင့်ပြုချက်နဲ့ သူတို့ကိုယ်တိုင် ဦးစီးကျင်းပတဲ့ လောင်းကစားဝိုင်းတွေ ရှိနေတယ်လို့သိရပါ တယ်။

အခုလို စီးပွားရေးကြပ်တည်းနေတဲ့ ကာလမှာ လောင်းကစားဝိုင်းတွေ ရှိနေတဲ့အတွက် လူငယ်တွေ ပျက်စီးလာနိုင် ပြီး ရပ်ရွာအတွင်း ခိုးဆိုးလုယက်မှုတွေ ရှိလာနိုင်တာကြောင့် ထိထိရောက်ရောက် အရေးယူပေးကြဖို့ လိုအပ်တယ် ဒေသခံတွေက ထောက်ပြပြောဆိုကြပါတယ်။

လောင်းကစားဝိုင်းတွေကို အုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပေါင်းကာ ငွေယူ၊ လုပ်နေကြတာ ဖြစ်ပြီး လောင်းကစားဝိုင်းတွေကြောင့် အလုပ်အကိုင်မရှိဘဲ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ချမ်းသာသွားကြတာ တွေ့ရပြီး ဒေသခံတောင်သူ၊ လယ်သမားတွေကတော့ အိမ်ပေါင်၊ လယ်ပေါင်ထိ အခက်အခဲဖြစ်သွားကြတာတွေ့ရ တယ်လို့လည်း ဆိုကြပါတယ်။

လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး လယ်ယာထွက်ပစ္စည်း၊ စပါး၊ ဆန်တွေ စျေးကောင်းမရဖြစ်နေတဲ့ ဧရာ၀ တီတိုင်းအတွင်းက ပြည်သူတွေဟာ စစ်မှုထမ်းကြေးလည်း လစဉ် ပေးနေကြရတာကြောင့် အကြပ်အတည်းတွေနဲ့ ကြုံနေရချိန် အခုလို လောင်းကစားဝိုင်းတွေပါ တွယ်ကျယ်နေတော့ ပိုခက်ခဲနေကြရတာ ဖြစ်ပါတယ်။