အီရန်အရေးမှာ ကူညီဖို့ ငြင်းဆန်တာဟာ နေတိုးရဲ့ အလွန်မိုက်မဲတဲ့ အမှား ဖြစ်တယ်လို့ ထရမ့်ပြော

“လူတိုင်းက ကျွန်တော်တို့နဲ့ သဘောထားချင်း တိုက်ဆိုင်ကြပေမဲ့ မကူညီချင်ကြဘူး။ ဒါဟာတော်တော်လေးကို တုန်လှုပ်စရာကောင်းတဲ့ကိစ္စလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် အမေရိကန်အနေနဲ့ ဒါကို မှတ်ထားရလိမ့်မယ်” လို့ ထရမ့်က ဖြည့်စွက်ပြောခဲ့ပါတယ်။

၁၈၊ မတ်။

အီရန်နိုင်ငံမှာ လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ပတ်သက်ဖို့ ဆန္ဒမရှိကြောင်း နေတိုးမဟာမိတ်နိုင်ငံ အများစုက အကြောင်းကြားလာတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ အလွန်မိုက်မဲတဲ့ အမှားဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အခုဆိုရင် သုံးပတ်ထဲကို ရောက်လာပြီဖြစ်တဲ့ အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ပွဲကို နေတိုးနိုင်ငံတွေက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ဖို့ မလိုလားပေမဲ့ ထောက်ခံမှုတော့ ပေးကြတယ်လို့ ထရမ့်က ပြောပါတယ်။

“နေတိုးအဖွဲ့ဟာ အလွန်မိုက်မဲတဲ့ အမှားမျိုးကို လုပ်နေတယ်လို့ ကျွန်တော် ထင်တယ်” လို့ ထရမ့်က ပြောပါတယ်။

“လူတိုင်းက ကျွန်တော်တို့နဲ့ သဘောထားချင်း တိုက်ဆိုင်ကြပေမဲ့ မကူညီချင်ကြဘူး။ ဒါဟာတော်တော်လေးကို တုန်လှုပ်စရာကောင်းတဲ့ကိစ္စလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် အမေရိကန်အနေနဲ့ ဒါကို မှတ်ထားရလိမ့်မယ်” လို့လည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

အခုလို နောက်တွန့်နေတဲ့ နေတိုးမဟာမိတ်တွေကို လက်တုံ့ပြန်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာမှာတော့ ထရမ့်က လောလောဆယ် စိတ်ထဲမှာ ဘာအစီအစဉ်မှ မရှိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

သမ္မတထရမ့်ဟာ အရင်တုန်းကတော့ နေတိုးအဖွဲ့ကနေ အမေရိကန် နုတ်ထွက်မယ်လို့ခြိမ်းခြောက်ခဲ့ဖူးပေမဲ့ အင်္ဂါနေ့မှာတော့ ဒီအကြောင်းကို ထည့်သွင်းပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသယ်ယူနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ နိုင်ငံတွေကို ထရမ့်က တောင်းဆိုထားတာပါ။

အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို အီရန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ရေမိုင်းတွေသုံးပြီး တုံ့ပြန်ခဲ့တဲ့အတွက် ရေနံတင်သင်္ဘောတွေ သွားလာလို့မရအောင် လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ အတော်များများကတော့ ပိတ်မိနေတဲ့ ရေလက်ကြားကိုဖွင့်ပေးဖို့အတွက် သင်္ဘောတွေစေလွှတ်ဖို့ လတ်တလော အစီအစဉ်မရှိဘူးလို့ တနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။

ဒါဟာ စစ်ရေးအရ ကူညီပေးဖို့ ထရမ့်ရဲ့ တောင်းဆိုချက်ကို ထိထိရောက်ရောက် ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။

Ref – Reuters