
ဂျာမနီ၊ စပိန်နဲ့ အီတလီအပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတချို့ကတော့ အီရန်က ဒရုန်းတွေ၊ ရေအောက်မိုင်းတွေနဲ့ ပိတ်ဆို့ထားတဲ့ အဆိုပါ အရေးပါတဲ့ ရေလမ်းကြောင်း ပြန်ဖွင့်ဖို့အတွက် သင်္ဘောတွေလွှတ်ဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ပြောထားပါတယ်။
၁၇၊ မတ်။
ပင်လယ်ကွေ့ဒေသက ရေနံအခြေခံအဆောက်အအုံတွေကို အီရန်က ဆက်တိုက် ပစ်မှတ်ထားနေချိန်မှာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းမယ့် ရေနံတင်သင်္ဘောတွေကို စောင့်ရှောက်ဖို့ စစ်သင်္ဘောတွေ လွှတ်ပေးရေး တောင်းဆိုချက်ကို နိုင်ငံအတော်များများက ပယ်ချခဲ့ကြပါတယ်။
ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အနောက်နိုင်ငံ မဟာမိတ်တချို့ဟာ ကျေးဇူးကန်းကြတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အခုဆိုရင် တတိယပတ်ထဲကိုရောက်လာပြီဖြစ်ပေမဲ့ ဘယ်တော့ပြီးမလဲဆိုတာ မသိရသေးပါဘူး။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ အဓိကကျတဲ့ ဟော်မုဇ်ရေလက်ကြားဟာလည်း အတော်များများ ပိတ်ထားရဆဲဖြစ်တာကြောင့် စွမ်းအင်ဈေးနှုန်းတွေ တက်လာသလို ငွေကြေးဖောင်းပွမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဂျာမနီ၊ စပိန်နဲ့ အီတလီအပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတချို့ကတော့ အီရန်က ဒရုန်းတွေ၊ ရေအောက်မိုင်းတွေနဲ့ ပိတ်ဆို့ထားတဲ့ အဆိုပါ အရေးပါတဲ့ ရေလမ်းကြောင်း ပြန်ဖွင့်ဖို့အတွက် သင်္ဘောတွေလွှတ်ဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ပြောထားပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေအရ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ ဒါမှမဟုတ် နေတိုးအဖွဲ့ဆီက လုပ်ပိုင်ခွင့်မရဘဲနဲ့ လုပ်လို့မရပါဘူး” လို့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်က ဘာလင်မြို့မှာပြောပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဒီစစ်ပွဲကို မစတင်ခင်မှာ ဂျာမနီကိုလည်း ကြိုတင်တိုင်ပင်ခဲ့တာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။
အိမ်ဖြူတော်က အခမ်းအနားတခုမှာ သမ္မတ ထရမ့်က နိုင်ငံအတော်များများက ကူညီဖို့အဆင်သင့်ရှိတယ်လို့ ပြောခဲ့ကြပေမဲ့ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ မဟာမိတ်တချို့အပေါ်မှာတော့ စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“တချို့နိုင်ငံတွေဆိုရင် ကျွန်တော်တို့က နှစ်ပေါင်းများစွာ ကူညီလာခဲ့တာပါ။ သူတို့ကို ပြင်ပအန္တရာယ်တွေကနေ ကာကွယ်ပေးခဲ့ပေမဲ့ သူတို့ဘက်က တက်တက်ကြွကြွ မရှိကြဘူး။ သူတို့ဘယ်လောက်အထိ တက်ကြွမှုရှိလဲဆိုတာက ကျွန်တော့်အတွက် အရေးကြီးတယ်” လို့ ထရမ့်ကပြောပါတယ်။
အင်္ဂါနေ့မနက်ပိုင်းအထိ နှစ်ဘက်စလုံးက တိုက်ခိုက်မှုတွေ လျော့မသွားသေးပါဘူး။ အစ္စရေးစစ်တပ်ကတော့ တီဟီရန်တဝိုက်က အီရန်အစိုးရရဲ့ အခြေခံအဆောက်အအုံတွေနဲ့ ဘေရွတ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ယူအေအီးနိုင်ငံကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လေကြောင်းလိုင်းတွေကို ခေတ္တပိတ်ထားခဲ့ရသလို ယူအေအီးရဲ့ အဓိက ရေနံတင်ပို့ရာ ဆိပ်ကမ်းဖြစ်တဲ့ ဖူဂျိုင်ရာကရေနံသိုလှောင်ရုံကိုလည်း ဒရုန်းနဲ့ ဒုတိယမြောက်နေ့အဖြစ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
အီရန်က အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့ စက်မှုလုပ်ငန်းတွေကိုလည်း တိုက်ခိုက်သွားမှာဖြစ်လို့ အမေရိကန်ပိုင် စက်ရုံတွေနားမှာ နေထိုင်ကြတဲ့သူတွေကို ဖယ်ရှားပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။
အင်္ဂါနေ့မနက်စောစောပိုင်းမှာ ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးကိုလည်း ရော့ကတ်တွေနဲ့ ဒရုန်း အနည်းဆုံး ငါးစင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရတ်လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Ref – Reuters