အာရှဈေးကွက်မှာ ရေနံဈေးတွေ ပြန်တက်လာ

 

၁၇၊ မတ်။

မနေ့က ရေနံဈေးတွေ အနည်းငယ် ပြန်ကျသွားခဲ့ပေမဲ့ မတ်လ ၁၇ ရက်၊ အင်္ဂါနေ့ အာရှဈေးကွက်မှာတော့ ဈေးနှုန်းတွေ ပြန်တက်လာပါတယ်။

 

ရင်းနှီးမြှုပ်နှံသူတွေကတော့ ဟော်မုဇ်ရေလက်ကြား  အခြေအနေကိုပဲ ဆက်ပြီးစောင့်ကြည့်နေကြပါတယ်။

 

ဂရင်းနစ်စံတော်ချိန် မနက် ၁၂ နာရီခွဲဝန်းကျင်မှာ အမေရိကန်ရေနံ (WTI) ဈေးနှုန်းဟာ ၁.၉၅ ရာခိုင်နှုန်း တက်လာပြီး တစည်ကို ၉၅.၃၂ ဒေါ်လာ ဖြစ်လာပါတယ်။ မနေ့ကတော့ ၅.၃ ရာခိုင်နှုန်းအထိ ဈေးကျခဲ့တာပါ။

 

Brent ရေနံစိမ်းဈေးကလည်း တနင်္လာနေ့မှာ ၂.၈ ရာခိုင်နှုန်း ကျခဲ့ပေမဲ့ အခုတော့၁.၈၄ ရာခိုင်နှုန်း ပြန်တက်လာပြီး တစည်ကို ၁၀၂.၀၅ ဒေါ်လာ ဖြစ်နေပါတယ်။

 

ဂျပန်နိုင်ငံကတော့ သူတို့ရဲ့ အရေးပေါ် အရန်ရေနံတွေကို စတင်ထုတ်သုံးနေပြီလို့တနင်္လာနေ့မှာ ပြောပါတယ်။

 

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတစ် ဘီရောလ်ကလည်း လိုအပ်ရင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အရန်ရေနံတွေကို ထပ်ပြီး ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

 

IEA အဖွဲ့ဝင်နိုင်ငံတွေဟာ ပြီးခဲ့တဲ့အပတ်ကပဲ သမိုင်းတလျှောက် အများဆုံးပမာဏဖြစ်တဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးဖို့ သဘောတူခဲ့ကြတာပါ။

 

ရေကြောင်းသွားလာရေး စောင့်ကြည့်ရေးအဖွဲ့ Marine Traffic ရဲ့ အချက်အလက်တွေအရ ပါကစ္စတန် ရေနံတင်သင်္ဘောတစင်းဟာ အီရန်သင်္ဘောမဟုတ်ဘဲ ဟော်မုဇ်ရေလက်ကြားကို အချက်ပြစနစ်ဖွင့်ပြီး ပထမဆုံး ဖြတ်သန်းနိုင်ခဲ့ပါတယ်။

 

အဆိုပါ အချက်က ရင်းနှီးမြှုပ်နှံသူတွေအတွက် အတိုင်းအတာတခုအထိ စိတ်အေးစေခဲ့ပါတယ်။

 

ဒါပေမဲ့ အရှေ့အလယ်ပိုင်းက ရေနံအခြေခံအဆောက်အအုံတွေအပေါ်  တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေတုန်းပါပဲ။

 

တနင်္လာနေ့မှာတင် ယူအေအီးနဲ့ အီရတ်နိုင်ငံက အဓိက ရေနံမြေနေရာတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်သင်္ဘောတွေဖြတ်သန်းနိုင်ဖို့ အဓိက ရေလမ်းကြောင်းတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကတော့ ဒါကို ငြင်းဆန်နေကြပါတယ်။

 

စတော့ရှယ်ယာဈေးကွက်မှာတော့ ဂျပန်ရဲ့ နစ်ကေး (Nikkei) က ၀.၅၇ ရာခိုင်နှုန်းတက်လာပြီး တောင်ကိုရီးယားရဲ့ ကိုစပီ (Kospi) ကတော့ ၂.၄၀ ရာခိုင်နှုန်းအထိ သိသိသာသာ တက်လာပါတယ်။

 

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲဟာ တတိယမြောက်အပတ်ထဲရောက်လာတာနဲ့အမျှ Wall Street နဲ့ ဥရောပ စတော့ဈေးကွက် အတော်များများမှာလည်း တနင်္လာနေ့က ဈေးနှုန်းတွေ လိုက်တက်ခဲ့တာ ဖြစ်ပါတယ်။

Ref – Reuters