စစ်အုပ်စု လွှတ်တော်နဲ့ ဖွဲ့လာမယ့်အစိုးရကို လက်မခံကြောင်းအဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူ သန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရချိန်၊ နိုင်ငံရဲ့ အဓိကအရေးကြီးတဲ့ ပါတီတွေ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ကာ အဲဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး ခိုင်မာတဲ့ ရွေးကောက်ပွဲတခု မဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်လို့ အဆိုရှင်က ဆိုပါတယ်။

၁၆၊ မတ်လ။

စစ်တပ် စိတ်တိုင်းကျ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကတဆင့် လွှတ်တော် ခေါ်ယူခြင်းနဲ့ အဲဒီလွှတ်တော်က ဖွဲ့လာမယ့် ဘယ်အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံး၀ အသိအမှတ်မပြုကြောင်းအဆိုကို ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်း၊ အတည်ပြုခဲ့ပါတယ်။

ဒီနေ့ မတ်လ ၁၆ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ပြည်ထောင်စု လွှတ်တော် န၀မအကြိမ် အစည်းအဝေးမှာ ရန်ကုန်ဖက်ဒရယ်ယူနစ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက အဆိုတင်ခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ငါးဦးက လက်ခံဆွေးနွေးကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“အထူးအရေးကြီးဆုံးကတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ အ ကြမ်းဖက်အဖွဲ့အစည်းတခုသာဖြစ်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အခွင့်အာဏာရှိတဲ့တရားဝင်အဖွဲ့ အ စည်းတရပ်လည်း မဟုတ်ပါဘူး” လို့ အဆိုရှင် ဒေါ်ဖြူဖြူသင်းက လွှတ်တော်မှာ တင်ပြပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူ သန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရချိန်၊ နိုင်ငံရဲ့ အဓိကအရေးကြီးတဲ့ ပါတီတွေ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ကာ အဲဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး ခိုင်မာတဲ့ ရွေးကောက်ပွဲတခု မဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်လို့ အဆိုရှင်က ဆိုပါတယ်။

ဒါ့အပြင် အဲဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေ ကြောက်ရွံ့ခြင်း၊ ခြိမ်းခြောက်ခံရခြင်းမရှိဘဲ မဲပေးခွင့်မရှိခဲ့တာ၊  လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းတွေနဲ့ လုံး၀ကိုက်ညီမှုမရှိဘူးဆိုတာလည်း ထင်ရှားနေ တယ်လို့ ဆိုပါတယ်။

အဲဒီအဆိုက ထောက်ခံဆွေးနွေးခဲ့တဲ့ မွန်ဖက်ဒရယ်ယူနစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာကလည်း စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အတုအယောင် လွှတ်တော်ခေါ်ဖို့ ပြင်နေကြောင်း၊ အဲဒီလွှတ်တော်ဟာလည်း ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မယ့် လွှတ်တော်မဟုတ်ဘဲ အာဏာရှင်ကို သက်ဆိုး​ရှည်စေပြီး ပြစ်ဒဏ်တွေကနေ ကင်းလွတ်အောင် လုပ်မယ့် လွှတ်တော်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး သူတို့ကြုံနေရတဲ့ နိုင်ငံရေးထွက်ပေါက်ကို ဖန်တီးခြင်းသာ ဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်တယ်လို့လည်း ဒေါ်သီရိရတနာက ပြောပါတယ်။

စစ်ကော်မရှင်ကလည်း ဒီနေ့မတ်လ ၁၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပခဲ့ပြီး အဲဒီလွှတ်တော် အစည်းအဝေးမှာ စစ်တပ်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္က ဌအဖြစ် ခန့်အပ်ခဲ့တာတွေ့ရပါတယ်။

ဒေါ်ဖြူဖြူသင်းရဲ့  အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ မကွေးဖက်ဒရယ်ယူနစ် စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးကျော်အောင်လွင်ကလည်း လက်နက်အားကိုးနဲ့ အရပ်သားအစိုးရကို ဖြုတ်ချကာ အဓမ္မအာဏာ သိမ်းယူထားတဲ့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူ ရာဇဝတ်သားတွေ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာကို လှည့်ဖျားဖို့ သက်သက် လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးထွက်ပေါက်ရှာတာဖြစ်တဲ့အတွက် လုံး၀အသိအမှတ်မပြုကြောင်း သူက ဆိုပါတယ်။ အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူ့အတွက်လား၊ သူတို့ အာဏာတည်မြဲဖို့ အတွက်လား၊ ပြည်သူ့အသဲကြားက မဲလား၊ ခြိမ်းခြောက် မဲပေးခိုင်းတာလား ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတယ်လို့လည်း ဦးကျော် အောင်လွင်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့တာကြောင့် ဒီမိုကရေစီအသီးအပွင့်တွေနဲ့ ဖွံဖြိုးမှုအားလုံးဟာ အလုံးစုံပျက် သုဉ်းခဲ့ရပြီး တရားမဝင် အာဏာသိမ်းမှုရဲ့ နောက်မှာ နိုင်ငံခေါင်းဆောင်တွေ ထောင်ချ၊ အရပ်သားပြည်သူတွေကို  အကြောင်းပြချက်မဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ဗုံးကြဲ လူမဆန်တဲ့ လုပ်ရပ်တွေကို ယနေ့တိုင် လုပ်နေတယ်လို့ အဆိုရှင် ဒေါ် ဖြူဖြူသင်းက ဆွေးနွေးပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒကို အမှန်တကယ် ဖော်ဆောင်နေတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံတကာ ပါလီမန်အဖွဲ့ IPU က ဆက်လက်အသိအမှတ် ပြုနေဆဲဖြစ်ပြီး ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းမှာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲ ပါဝင်ဆောင်ရွက်နေရုံသာမက၊ နိုင်ငံတကာ စင်မြင့်ထက်မှာပါ တရားဝင် ကိုယ်စားပြုခွင့်ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ကြောင်းလည်း ဆိုတယ်။

မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဧရာ၀တီဖက်ဒရယ်ယူနစ်လွှတ်တော်မှာလည်း ဒေါ်ဖြူဖြူသင်း တင်သွင်းတဲ့ အဆိုနဲ့ ဆင်တူတဲ့ စစ်အုပ်စု ရွေးကောက်ပွဲပေါ်လာမယ့် လွှတ်တော်နဲ့ လွှတ်တော်ဖွဲ့လာမယ့် ဘယ်အဖွဲ့ကိုမဆို အသိအ မှတ်မပြုကြောင်းအဆိုကို မြန်အောင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က တင်သွင်းခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို ဧရာ၀တီတိုင်းအတွင်းက မြို့နယ်အားလုံး အပါအ၀င် နိုင်ငံအဝှမ်း မြို့နယ်ပေါင်း ၂၆၃ မြို့မှာ အသုတ်သုံးသုတ်ခွဲ ကျင်းပခဲ့ပြီး ငါးနှစ်တာအချိန်ယူ၊ စိတ်ကြိုက်စီမံခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်အရာရှိကြီးတွေ ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နေရာအားလုံးနီးပါး အနိုင်ရခဲ့တာ တွေ့ပါတယ်။

ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာ စစ်ကော်မရှင်က ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပခဲ့ပြီး ၁၈ ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ ၂၀ ရက်နေ့မှာ တိုင်း/ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို စတင် ကျင်းပသွားမယ်လို့ ဆိုထားပါတယ်။