
“တရုတ်နိုင်ငံလည်း ကူညီသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့တရုတ်က သုံးနေတဲ့ ရေနံ ၉၀ ရာခိုင်နှုန်းက ဒီရေလက်ကြားကနေ လာတာမို့လို့ပါ” လို့ထရမ့်က ပြောပါတယ်။
၁၆၊ မတ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ် ရေလက်ကြား ပြန်ပွင့်ရေးအတွက် မဟာမိတ်တွေအနေနဲ့ မကူညီဘူးဆိုရင် နေတိုးရဲ့ အနာဂတ်ဟာ တော်တော်လေး ဆိုးသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း နောက်ဆုတ်နိုင်တယ်လို့ မတ်လ ၁၅ ရက်၊ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့Financial Times သတင်းစာနဲ့ အင်တာဗျူးမှာ သူက ပြောလိုက်တာပါ။
“တရုတ်နိုင်ငံလည်း ကူညီသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့တရုတ်က သုံးနေတဲ့ ရေနံ ၉၀ ရာခိုင်နှုန်းက ဒီရေလက်ကြားကနေ လာတာမို့လို့ပါ” လို့ထရမ့်က ပြောပါတယ်။
တရုတ်ကို မသွားခင်မှာ ဘေဂျင်းရဲ့ရပ်တည်ချက်ကို အရင်သိချင်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်တို့ ခရီးစဉ်ကို နောက်ဆုတ်နိုင်တယ်” လို့ သူက ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်တ်နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် ဟယ်လီဖန်တို့ဟာ တနင်္ဂနွေနေ့က ပါရီမြို့မှာ ပထမနေ့ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါတယ်။
ဒါဟာ သူတို့နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့နဲ့မတ်လကုန်မှာ ထရမ့်က ဘေဂျင်းကိုသွားပြီး ရှီကျင့်ဖျင်နဲ့ တွေ့နိုင်ဖို့ လမ်းခင်းပေးဖို့ဖြစ်ပါတယ်။
အဆိုပါ သင်္ဘောလမ်းကြောင်းကနေ အကျိုးအမြတ်ရနေတဲ့ နိုင်ငံတွေအနေနဲ့လုံခြုံရေးအတွက် ကူညီသင့်တယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။
“ဒီရေလက်ကြားကနေ အကျိုးခံစားခွင့် ရနေတဲ့သူတွေက အဲဒီမှာ မကောင်းတာ ဘာမှမဖြစ်အောင် ကူညီလုပ်ဆောင်ပေးတာဟာ အသင့်တော်ဆုံးပါပဲ” လို့ သူက FT သတင်းစာကို ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ အီရန်တပ်ဖွဲ့တွေဘက်ကလည်း ပြန်လည် တိုက်ခိုက်နေတာကြောင့် အဆိုပါ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းပွင့်နေဖို့အတွက် နိုင်ငံအသီးသီးက စစ်သင်္ဘောတွေ စေလွှတ်ပေးဖို့ စနေနေ့က ထရမ့်က တောင်းဆိုခဲ့ပါတယ်။
တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့လို နိုင်ငံတွေက အဆိုပါဒေသကို သင်္ဘောတွေ လွှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် စုစုပေါင်းရဲ့ ငါးပုံတပုံခန့်ဟာ အီရန်နဲ့ အိုမန်ကြားက အဆိုပါ ဟော်မုဇ် ရေလက်ကြားကို ဖြတ်ပြီး ပုံမှန် သွားလာနေတာ ဖြစ်ပါတယ်။
အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့ Kharg ကျွန်းကိုလည်း ဝါရှင်တန်ကထပ်ပြီး တိုက်ခိုက်နိုင်တယ်လို့ ထရမ့်က သတိပေးထားပါတယ်။