
“အီရန်ပြည်သူတွေရဲ့ သူတို့နိုင်ငံ ခေါင်းဆောင်ကို ရွေးချယ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားပါတယ်” လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း အစိုးရပိုင် သတင်းဌာန (KCNA) က ဖော်ပြပါတယ်။
၁၁၊ မတ်။
အီရန်နိုင်ငံရဲ့ ခေါင်းဆောင်သစ် ရွေးချယ်မှုအပေါ် မြောက်ကိုရီးယားက လေးစားကြောင်း မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ မှာ နိုင်ငံပိုင်မီဒီယာကနေတဆင့် ဖော်ပြလိုက်ပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
အမေရိကန်ရဲ့ ကာလရှည်ရန်ဘက်ဖြစ်တဲ့ ပြုံယမ်းဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့တာဟာ တရားမဝင်တဲ့ ကျူးကျော်စော်ကားမှုဖြစ်တယ်လို့ အရင်ကတည်းက ရှုတ်ချခဲ့တာပါ။
အီရန်ကို ဘယ်သူအုပ်ချုပ်မလဲဆိုတာအပေါ် ဩဇာလွှမ်းမိုးချင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ အီရန်ခေါင်းဆောင်ဟောင်း အလီခါမေနီရဲ့နေရာမှာ သူ့ရဲ့ သားဖြစ်သူ မော်တာဘာခါမေနီကို အစားထိုးဖို့ အီရန်အစိုးရက တနင်္ဂနွေနေ့မှာ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
“အီရန်ပြည်သူတွေရဲ့ သူတို့နိုင်ငံ ခေါင်းဆောင်ကို ရွေးချယ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားပါတယ်” လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း အစိုးရပိုင် သတင်းဌာန (KCNA) က ဖော်ပြပါတယ်။
ဝါရှင်တန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ နိုင်ငံရေးစနစ်နဲ့ နယ်မြေပိုင်နက်တည်တံ့မှုကို ချိုးဖောက်နေသလို လူမှုရေးစနစ်ကိုလည်း ဖြိုချဖို့ ကြိုးစားနေတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က စွပ်စွဲခဲ့ပါတယ်။
အဆိုပါ လုပ်ရပ်တွေဟာ “ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတာကြောင့် တကမ္ဘာလုံးက ဝေဖန်ကန့်ကွက်တာကို ခံရသင့်တယ်” လို့လည်း သူက ထပ်ပြောပါတယ်။
အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ထိပ်သီးဆွေးနွေးပွဲတွေ၊စီးပွားရေးပိတ်ဆို့မှုတွေနဲ့ သံတမန်ရေး ဖိအားပေးမှုတွေဟာ ထိရောက်မှုသိပ်မရှိခဲ့ပါဘူး။
အောက်တိုဘာလ အာရှခရီးစဉ်အတွင်းမှာ ထရမ့်က ကင်ဂျုံအန်းနဲ့ တွေ့ဖို့၁၀၀ ရာခိုင်နှုန်း အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်ကဘာမှ ပြန်မပြောခဲ့ပါဘူး။
အဆိုပါ ကမ်းလှမ်းချက်တွေကို လနဲ့ချီပြီး လျစ်လျူရှုထားခဲ့ပြီးနောက်မှာတော့ ဝါရှင်တန်ဘက်က မြောက်ကိုရီးယားရဲ့ နျူကလီးယားပိုင်ဆိုင်မှုကိုလက်ခံမယ်ဆိုရင် နိုင်ငံနှစ်ခုကြား အဆင်ပြေသွားနိုင်တယ်လို့ ကင်ဂျုံအန်းကမကြာသေးခင်ကမှ ပြောခဲ့ပါတယ်။
Ref – AFP