အမတ ၃၄၄ အနီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က ကာကင်းစခန်းအချို့ လက်လွှတ်ထား


“တိုက်ပွဲတွေက အတော့်ကို ပြင်းထန်နေတယ်၊ စစ်ကော်မရှင်ကလည်း အထိနာတော့ ဒီရက်တွေမှာ လေကြောင်း ရန် သတိထားကြဖို့လိုတယ်။ စကမက ရခိုင်ဘက်ကို တန်ပြန်ထိုးဖို့ ကြိုးစားလာတာ တွေ့ရပေမယ့် ဒီဘက်က ဖြတ် တောက်ထားနိုင်တော့ မအောင်မြင်ဘူး။ တိုက်ပွဲကတော့ ဒီအတိုင်းဆိုရင် ပိုပြင်းလာမယ့်အခြေအနေလို့ပြောလို့ရ တယ်”

၁၀၊ မတ်။

ဧရာ၀တီတိုင်း ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်နေပြီး အခုရက်ပိုင်းအတွင်းက အမတ ၃၄၄ ရဲ့ ကာကင်းစခန်းအချို့ကို အာရက္ခတပ်တော်(AA)ပူးပေါင်း တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အမတ ၃၄၄ ရဲ့ အနောက်ဘက် ရိုးမတောင်ပေါ်ရှိ ကာကင်းစခန်းတွေကို AA ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေတာ ဖြစ်ပြီး မတ်လ ၅ ရက်နဲ့ ၈ ရက်နေ့တို့မှာ ကာကင်းစခန်းတွေ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ပထမကာကင်းက တော်တော်ကြီးတယ်။ လက်နက်ကြီးတွေပါ အထိုင်ချထားတာ။ အဲဒါ ခွေးတွေထွက်ပြေးသွား တော့ အမြောက်ကြီးတွေလည်း ကိုယ့်ဘက်က ရလိုက်တာရှိတယ်။ လက်နက်ငယ်တွေလည်း သိမ်းလို့ရတယ်။ နောက်ကာကင်းတခုကလည်း အဲဒီနားက စခန်းပဲ၊ ဒီရက်ပိုင်းမှာ ရတာ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ် တဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြောက်စမ်းရွာအနီးမှာရှိတဲ့ အမတ ၃၄၄ တပ်ရင်းထဲကနေ ရိုးမတောင်ဘက်ဆီ စစ်ကြောင်း ထိုး၊ ကာကင်းတွေ တိုးချနေခဲ့တာကို AA ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ လနောက်ဆုံးပတ်ကနေ အခုထိ အဲဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတပါ။

အဲဒီတိုက်ပွဲတွေကြောင့် အမတ ၃၄၄ အနီးဝန်းကျင် ကျေးရွာအချို့မှ ဒေသခံတွေဟာ တိမ်းရှောင်ထွက်ပြေး​နေ ကြရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ “အသံတွေကတော့ နေ့တိုင်းညံနေတာပဲ။ ကျွန်တော်တို့ တောင် ဘယ်နေ့ပြေးရမလဲမသိဘူး။ လေယာဉ်တွေလည်း လာတော့ ရွာတွေကို လာချမှာ စိုးရိမ်တယ်” လို့ အမတ ၃၄၄ အနီးဝန်းကျင်ကျေးရွာတခုမှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ မနက် ဆယ်နာရီဝန်းကျင်ကလည်း အမတ ၃၄၄ အနီးဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ နှစ်စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမတ ၃၄၄ အနီး ရိုးမပေါ်ရှိနေတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အမတ ၃၄၄ ရဲ့ အနောက်ဘက်ခြမ်း ရိုးမတောင်ခြေတဝိုက်အပြင် အရှေ့ဘက်ခြမ်း ပုသိမ် – မုံရွာလမ်းအနီးဝန်း  ကျင် သီတာကုန်းပြင်ကျေးရွာတဝိုက်မှာလည်း တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြော ကြပါတယ်။

ဧရာ၀တီတိုင်းအတွင်း လေးမျက်နှာမြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏရှိနေပြီး စစ် ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူ တို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနှပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေ ကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်ကို လက်လွှတ်ထားရပြီး ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာပါ AA ပူးပေါင်းအဖွဲ့ရဲ့ ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရေကြည် အမတ ၃၄၄ ၊ လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်တို့ဆီ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)အပါအဝင် အခြားတပ် ရင်းတွေဆီကနေ အင်အား၊ လက်နက်ဖြည့်တင်းတာတွေလည်း ဆက်တိုက်ရှိနေပါတယ်။

“တိုက်ပွဲတွေက အတော့်ကို ပြင်းထန်နေတယ်၊ စစ်ကော်မရှင်ကလည်း အထိနာတော့ ဒီရက်တွေမှာ လေကြောင်း ရန် သတိထားကြဖို့လိုတယ်။ စကမက ရခိုင်ဘက်ကို တန်ပြန်ထိုးဖို့ ကြိုးစားလာတာ တွေ့ရပေမယ့် ဒီဘက်က ဖြတ် တောက်ထားနိုင်တော့ မအောင်မြင်ဘူး။ တိုက်ပွဲကတော့ ဒီအတိုင်းဆိုရင် ပိုပြင်းလာမယ့်အခြေအနေလို့ပြောလို့ရ တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

အခုအခါ ဧရာ၀တီတိုင်း ဂွ – ရွှေသောင်ယံကမ်းခြေတလျှောက်နေရာတွေ၊ ရခိုင်ရိုးမတောင်ခြေတလျှောက်နေရာ တွေ ၊ ပုသိမ် – မုံရွာလမ်းတလျှောက် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်အတွင်းရှိ ရခိုင်ပြည်နယ်စပ် နေရာအချို့ကို AA နဲ့ တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ် နေပါတယ်။

အဲဒီထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က ကြည်း၊လေ အင်အား အလုံးအရင်းသုံးပြီး တန်ပြန် ထိုးစစ်ဆင်လာ တာကြောင့် လက်ရှိမှာ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည် မြို့နယ်တို့အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေ တာဖြစ်ပါတယ်။