
“ကျွန်တော်တို့ အသနားခံစာတင်ဖို့လုပ်နေတယ်။ လုပ်ငန်းစဉ်အရ နိဗ္ဗာန်က အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာလိုနေလို့။ ငွေပေးပြီး ထုတ်လို့ရမလားကြိုးစားသေးတယ် အဲ့ဒါလည်း အဆင်မပြေဘူး။ အခုက မိသားစုက အဆက်သွယ်ရချင်တယ် အဲ့ဒါကို လုပ်နေတယ်ပေါ့ ”
၀၉၊ မတ်လ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ထဲက နိဗ္ဗာန်ကျေးရွာကနေ ရန်ကုန်ကို အလုပ်ပြန်ဝင်မယ့် လူငယ်နှစ်ဦးကို ဟင်္သာတမြို့ လယ်တော်ဂိတ်အရောက်မှာ တာလေးရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ကားပေါ်ကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားခဲ့ပါတယ်။
“ မတ်လ ၇ ရက်နေ့က ဖြစ်တာပေါ့။ ရန်ကုန်က အလုပ်ကိုပြန်ကြတာကို စစ်မှုထမ်းထဲ ပါတယ်ဆိုပြီး ကားပေါ်ကနေဆွဲချပြီး ဖမ်းသွားတာ ” လို့ ကာယကံရှင် တဦးရဲ့ အဒေါ်ဖြစ်သူက DNA ကိုပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးဟာ မတ်လ ၇ ရက် နံနက်ပိုင်းက အထောင်မြို့နယ်ကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ စိန်နိုင်ကျော် အဝေးပြေးကားနဲ့ ရန်ကုန်ကိုပြန်ခဲ့ပြီး ဟင်္သာတမြို့ကို အဖြတ် မြို့အထွက် လယ်တော် စစ်ဆေးရေးဂိတ်မှာ အခုလိုမျိုး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနေ့ချင်း လိုက်လံစုံစမ်းခဲ့ကြပေမယ့် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်မှာ ဖမ်းဆီးခံရသူတွေကို စစ်မှုထမ်းလေ့ကျင့်ဖို့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ဓနုဖြူမြို့မှာ ရှိတဲ့ ခလရ ၁၀၈ ဆီကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ အကြောင်းပြန်ကြားခံခဲ့ရပြီး ကာယကံရှင်တွေနဲ့တော့ အဆက်သွယ် မရရှိကြသေးပါဘူး။
စစ်မှုထမ်းဆင့်ခေါ်စာကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက လိုက်လံစုံစမ်းချိန်မှ ဟင်္သာတ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ ပေးပို့လာခဲ့တယ်လို့ ဆိုပါတယ်။
“ စစ်မှုထမ်းပါတယ်ဆိုတာကို မိသားစုလည်း မသိရဘူး။ ချက်ချင်းကြီး ဖမ်းသွားတယ်။ ချက်ချင်းကြီး ပို့လိုက်တယ်။ သိသိချင်းနေ့ချင်း လိုက်စုံစမ်းတာတောင်မှ ဘာမှအဆက်သွယ်မရတော့ဘူး ” လို့ အထက်ပါ အဒေါ်ဖြစ်သူက ဆက်ပြောပါတယ်။
ကိုသူရိန်စိုးနဲ့ ကိုထက်ဝေယံ တို့ဟာ ရန်ကုန်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ ပန်းရံလုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင်နေတာ ၆ လရှိပြီဖြစ်ပြီး တလ တခါ နိဗ္ဗာန်ကျေးရွာကို တပတ်ကြာ ပြန်လာနားလေ့ရှိပါတယ်။ ယခုလည်း နိဗ္ဗာန်ကျေးရွာကို ခဏပြန်လာပြီး ရန်ကုန်ကို ပြန်အသွားမှာ အခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ မတ်လ ၉ ရက်နေ့မှာ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မိသားစုဝင်တွေနဲ့အတူ ကူညီဆောင်ရွက်ပေးကြသူတွေက အခြေအနေကို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ယခုအချိန်ထိ ဖမ်းဆီးခံရသူတွေနဲ့ အဆက်သွယ် မရရှိသေးပါဘူး။
“ ကျွန်တော်တို့ အသနားခံစာတင်ဖို့လုပ်နေတယ်။ လုပ်ငန်းစဉ်အရ နိဗ္ဗာန်က အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာလိုနေလို့။ ငွေပေးပြီး ထုတ်လို့ရမလားကြိုးစားသေးတယ် အဲ့ဒါလည်း အဆင်မပြေဘူး။ အခုက မိသားစုက အဆက်သွယ်ရချင်တယ် အဲ့ဒါကို လုပ်နေတယ်ပေါ့ ” လို့ ကူညီပေးနေသူတဦးက ရှင်းပြပါတယ်။
ဒီလူငယ် နှစ်ဦးအနက် အသက် ၂၅ နှစ်ရှိသူ ကိုသူရိန်စိုး ဟာ အကြားအာရုံမသန်စွမ်းသူဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကိုထက်ဝေယံဟာ ကျန်းမာရေးကြောင့် ဘေလုံးထုတ်ထားရသူဖြစ်တာကြောင့် စစ်မှုထမ်းကင်းလွတ်ခွင့်မှာ ပါဝင်တဲ့ မကျန်းမာသူထဲ အကြုံးဝင်ကြသူတွေဖြစ်တယ်လို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဟင်္သာတဂိတ်မှာ အဲဒီလို အဝေးပြေးကားပေါ်က ဖမ်းဆီးခဲ့သူ နှစ်ဦးအပါအဝင် အခြားသော ကားတွေပေါ်ကနေ ဖမ်းဆီးခံရသူ အနည်းဆုံး ၅ ဦးရှိတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူက DNA ကိုပြောပါတယ်။
ဟင်္သာတမြို့ပေါ်မှာနေထိုင်တဲ့တောင်သူလယ်သမား အရေး ကူညီဆောင်ရွက်နေသူတဦးကတော့ အခုလိုမျိုး စစ်မှုထမ်းပါတယ်ဆိုပြီး ရုတ်တရက်ဖမ်းဆီးတဲ့ ကိစ္စတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ဟင်္သာတမြို့နယ်အတွင်းမှာ အခုမတ်လ ၉ ရက်နေ့အထိ ၄ ကြိမ်ရှိပြီး စုစုပေါင်း ၁၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သူ့မှာရှိတဲ့ စာရင်းကို ကိုးကားပြီး ပြောပါတယ်။