အီရန်အပေါ် စစ်ဆင်နွှဲနေတာကို ရပ်တန့်ဖို့ ထရမ့်ကို ပူတင်ပြော


အခုတခေါက် ဖုန်းပြောဆိုမှုဟာ ဒီဇင်ဘာလနောက်ပိုင်း သူတို့နှစ်ဦး ပထမဆုံးအကြိမ် စကားပြောတာဖြစ်ပြီး တနာရီကြာမြင့်ခဲ့ပါတယ်။

၁၀၊ မတ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဖုန်းကနေတဆင့် ပွင့်လင်းပြီး အကျိုးရှိတဲ့ဆွေးနွေးမှုတခု မတ်လ ၉ ရက်၊ တနင်္လာနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးမှုမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စစ်ဆင်နွှဲနေတဲ့ကိစ္စနဲ့ ယူကရိန်းပဋိပက္ခတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။

အခုတခေါက် ဖုန်းပြောဆိုမှုဟာ ဒီဇင်ဘာလနောက်ပိုင်း သူတို့နှစ်ဦး ပထမဆုံးအကြိမ် စကားပြောတာဖြစ်ပြီး တနာရီကြာမြင့်ခဲ့ပါတယ်။

အခုလို ဖုန်းဆက်ဆွေးနွေးဖို့ အမေရိကန်ဘက်ကပဲ အရင်တောင်းဆိုခဲ့တာလို့ ပူတင်ရဲ့ သံတမန်ရေးရာ အကြံပေး ယူရီယူရှာကော့ဗ်က ရုရှားသတင်းဌာနတွေကို ပြောကြားပါတယ်။

“အီရန်ပဋိပက္ခနဲ့ ပတ်သက်တဲ့ အခြေအနေတွေ၊ ပြီးတော့ ယူကရိန်းကိစ္စကို ဖြေရှင်းဖို့အတွက် အမေရိကန်ကိုယ်စားလှယ်တွေနဲ့လုပ်ဆောင်နေတဲ့ နှစ်နိုင်ငံညှိနှိုင်းမှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ”လို့ ယူရှာကော့ဗ်က ပြောပါတယ်။

ရုရှားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အီရန်နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ စစ်ဆင်နွှဲနေတာကို နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ ပူတင်က တိုက်တွန်းခဲ့တယ်လို့ ယူရှာကော့ဗ်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ရုရှားခေါင်းဆောင်က ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိ စစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့တွေဘယ်လောက်အထိ အောင်မြင်မှုတွေ ရရှိနေတယ်ဆိုတာကိုလည်း ထရမ့်ကို ရှင်းပြခဲ့ပါသေးတယ်။

ယူကရိန်းပဋိပက္ခမှာ ထရမ့်ရဲ့ ကြားဝင်ဖြန်ဖြေပေးမှုတွေကို ပူတင်က အပြုသဘောဆောင်တယ်လို့ သတ်မှတ်ကြောင်း အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

ရုရှား-အမေရိကန် အရာရှိတွေ၊ ပြီးတော့ ရုရှား-အမေရိကန်-ယူကရိန်း အရာရှိတွေကြားမှာ အကြိမ်ကြိမ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးအတွက်တော့ ထူးခြားတဲ့တိုးတက်မှုမျိုး မရှိသေးပါဘူး။

အမေရိကန်ဘက်ကတော့ လက်ရှိ နိုင်ငံတကာအခြေအနေတွေနဲ့ ဆက်စပ်နေတဲ့ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အလိုရှိနေတာ ဖြစ်တယ်လို့ ယူရှာကော့ဗ်က ပြေခဲ့ပါတယ်။

 

Ref – TRT World