ဇလွန်မြို့နယ်ထဲက မြေနုကျွန်းအငြင်းပွားမှု သက်ဆိုင်ရာ ဖြေရှင်းပေးဖို့ ကြန့်ကြာနေ

“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ဦးအေးလွင် ချထားတဲ့ နယ်နမိတ်ကို ကျောက်တိုင် ချထားတယ်။ အဲဒီ နယ်နမိတ်အတိုင်း ပြန်လည်လိုချင်တယ်။ သီးနှံတွေရဲ့လျော်ကြေး၊ နစ်နာကြေးကိုလည်း လိုချင်တယ်” 

၉၊ မတ်။

ဧရာ၀တီတိုင်း ဇလွန်မြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေး ပေါ်ပေါက်လာတဲ့ မြေနုကျွန်းမြေယာတွေကို ဖားလက်ခုံကျေးရွာအုပ်စုနဲ့ ကတို့ဆိပ်ကျေးရွာအုပ်စုတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ရှိနေတဲ့အပေါ် သက်ဆိုင်ရာက စစ်ဆေးမှု ကြန့်ကြာနေတာကြောင့် မြန်မြန်ဆန်ဆန် စစ်ဆေးဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။

အဲဒီမြေယာ အငြင်းပွားမှုနဲ့ ပက်သက်လို့ ဇလွန်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးဝေဖြိုးကျော်က စစ်ဆေးနေပြီး တိုင်စာပို့ထားကြတဲ့အပေါ်မှာလည်း တစုံတရာ အကြောင်းပြန်ကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“အခြေအနေက ဘာမှ မထူးသေးဘူး။ သူတို့ စစ်တာတွေတော့ လုပ်နေတယ်။ ဟိုပတ်ကတော့ ကောင်လေး နှစ် ယောက်ကို စစ်တယ်။ ကျွန်တော်တို့ ကတို့ဆိပ်အုပ်စုက အစစ်ခံရတယ်။ မြေစာရင်းဦးစီး ဝေဖြိုးကျော် စစ်တာလေ။ ကျွန်တော်တို့ ရွာကလူတွေကိုပဲ စစ်တယ်။ သူတို့ဘက်က လူတွေကိုလည်း ခေါ်တယ်။ စစ်သလား၊ မစစ်သလား မသိရဘူး။ သူတို့ကတော့ အပေါ်ကို ပြန်တင်ပေးရမှာတဲ့၊ ဒီလိုပဲ သူတို့က ပြောလိုက်တာ ရှိတယ်” လို့ မြေယာအငြင်းပွားမှု ဖြစ်နေတဲ့ ကတို့ဆိပ်ကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်းကျေးရွာမှ ရာအိမ်မှူး ဦးကြည်ခိုင်က ပြောပါတယ်။

ဖားလက်ခုံအုပ်စုနဲ့ ကတို့ဆိပ်အုပ်စုကြား ဧရာ၀တီမြစ်ကမ်းဘေးပေါ် ပေါ်လာတဲ့ မြေနုကျွန်းမြေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဇလွန်မြို့နယ် မြေစာရင်းဦးစီး ဦးအေးလွင်က ပိုင်ဆိုင်မှု ခွဲဝေပေးခဲ့ပြီး ရွှေဟင်္သာကျွန်းကျေးရွာမှ ဒေသခံ တရာကျော်က တယောက်တဧကစီ ခွဲတမ်းရခဲ့ကြပြီး ပုံမှန်လုပ်ကိုင် စိုက်ပျိုးလာခဲ့ကြတာပါ။

အဲဒီအပေါ် ဖားလက်ခုံကျေးရွာအုပ်စုက လူခြောက်ဦးက သူတို့ပိုင်မြေတွေဆိုပြီး စိုက်ခင်းတွေကို အကြိမ်ကြိမ်လာ ဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအ တွင်းကလည်း ရွှေဟင်္သာကျွန်း ရွာသားတွေ စိုက်ပျိုးထားတဲ့ ရိတ်သိမ်းခါနီး ပြောင်း၊ ပဲစိုက်ခင်းတွေကို လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် စိုက်ခင်းဖျက်ဆီးခံရသူတွေက မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအထိ အဆင့်ဆင့်တိုင်ကြားစာ ပေးပို့ခဲ့ကြပါ တယ်။ ဒါပမေယ့် လက်ရှိအချိန်ထိ တိုင်စာနဲ့ ပက်သက်လို့ အကြောင်းပြန်ကြားလာတာ မရှိသလို မြို့နယ်မြေစာရင်း ဌာနကနေလည်း စစ်ဆေး၊ ဆုံးဖြတ်ပေးတာ မရှိသေးဘူးလို့ ပြောကြပါတယ်။

“တိုင်စာတွေနဲ့ ပက်သက်လို့ ကျွန်တော်တို့ဆီကိုတော့ ဘာမှတော့ ပြန်တာမရှိသေးဘူး” လို့ ဦးကြည်ခိုင်က ပြောပါ တယ်။

နောက်ထပ် ရွှေဟင်္သာကျွန်းကျေးရွာမှ စိုက်ခင်းတွေဖျက်ဆီးခံရတဲ့ အမျိုးသမီး တဦးကလည်း သူတို့ပိုင် မြေတွေကို ပြန်ပေးဖို့နဲ့ ဖျက်ဆီးခံရတဲ့ သီးနှံတွေရဲ့ လျော်ကြေးကို ပေးဖို့လိုကြောင်း ပြောပါတယ်။ “စိုက်ပျိုးစရိတ်က ဆယ်သိန်းကျော်ကုန်တယ်” လို့ သူမက ပြောပါတယ်။လက်ရှိမှာ သက်ဆိုင်ရာဌာနက စစ်ဆေးမှုတွေ ကြန့်ကြာနေပြီး မြန်မြန်ဆန်ဆန်စစ်ဆေး ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

 

အခုအငြင်းပွားနေကြတဲ့ မြေဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း သောင်ထွန်းကာ မြေနုကျွန်းဖြစ်လာတဲ့ မြေယာတွေဖြစ် ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ဇလွန်မြို့နယ် မြေစာရင်းဌာနမှ ဦးစီးမှူး ဦးအေးလွင်ကိုယ်တိုင် နယ်ခြားသတ်မှတ် ခွဲဝေပေးခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ဦးအေးလွင် ချထားတဲ့ နယ်နမိတ်ကို ကျောက်တိုင် ချထားတယ်။ အဲဒီ နယ်နမိတ်အတိုင်း ပြန်လည်လိုချင်တယ်။ သီးနှံတွေရဲ့လျော်ကြေး၊ နစ်နာကြေးကိုလည်း လိုချင်တယ်” လို့ ဦးကြည်ခိုင် က ပြောပါတယ်။

 

အဲဒီတုန်းက ကတို့ဆိပ်ကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်းကျေးရွာက ဧကတရာကျော် ခွဲတမ်းရရှိခဲ့ပြီး ဒေသခံ တောင်သူတွေကို မဲနှိုက်ခွဲဝေပေးခဲ့ကာ အခွန်အဖြစ် တဧကကို ငါးသောင်းစီ မြေစာရင်းဌာနက ကောက်ခံခဲ့ပါတယ်။ ရွှေဟင်္သာကျွန်း ရွာသားတွေဟာလည်း အဲဒီမြေပေါ် စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကဆိုရင် စစ်ကော်မရှင်ရဲ့ စီမံကိန်းအရ မဖြစ်မနေ စိုက်ခိုင်းတဲ့ နေကြာစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖားလက်ခုံ ကျေးရွာမှ လူခြောက်ဦးကတော့ အဲဒီမြေတွေဟာ သူတို့မြေဆိုပြီး ရွှေဟင်္သာကျွန်း ရွာသားတွေ စိုက်ပျိုးထားချိန် လာရောက်ဖျက်ဆီးတာတွေ လုပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တကြိမ်၊ အခုနှစ်မှာ သုံးကြိမ် လာရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမြေယာ ကတို့ဆိပ်ကျေးရွာအုပ်စု ရွှေသောင်ကျေးရွာမှ ဒေသခံ ၈၁ ဦးနဲ့ ဖားလက်ခုံကျေးရွာမှ ဒေသခံ ခြောက်ဦးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပြီး လက်ရှိမှာ ရွှေဟင်္သာကျွန်းရွာမှ ဒေသခံတွေ စိုက်ပျိုးလုပ်ကိုင် နေကြတာပါ။

အခုလိုမျိုး လာရောက်ဖျက်ဆီးနေကြတာဟာ မြေစာရင်းဌာနက တာဝန်ရှိသူအချို့နဲ့ ဖားလက်ခုံကျေးရွာ အုပ်ချုပ် ရေးမှူးတို့က သူတို့ရွာသားခြောက်ဦးကို တဧက ခြောက်သိန်းနှုန်းနဲ့ ရောင်းစားထားတာကြောင့် ဖြစ်တယ်လို့ ရွှေဟင်္သာကျွန်းရွာသားတွေက ပြောဆိုကြပြီး အဲဒီအပေါ် DNA က အတည်မပြုနိုင်ပါဘူး။

ရွှေသောင်ရွာသားတွေ ခွဲတမ်းကျရထားပြီး စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ မြေတွေကို ရောင်းစားခဲ့တယ်ဆိုတဲ့ မြေစာရင်းဌာနက ကိုအောင်နိုင်ဝင်းကို DNA အနေနဲ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဇလွန်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးဝေဖြိုးကျော်ကတော့ DNA က ဆက်သွယ်တဲ့ ဖုန်းကို လက်ခံဖြေကြားပြီး လူကိုယ်တိုင် ရုံးသို့ လာရောက်မေးမြန်းဖို့ ပြောဆိုပါတယ်။

“သတင်းထောက်ကြီး သိချင်ရင် ရုံးလာခဲ့ပါဗျ။ ကျွန်တော် အခုက ပုသိမ်မှာပဲ ရှိသေးတယ်ဗျ။ ကျွန်တော်တို့လည်း မြန်မာနိုင်ငံ လျှို့ဝှက်ဥပဒေအရကျ ရုံးကိစ္စတွေကျတော့ အဲလိုမျိုး ပြောလို့မရလို့ပါဗျ။ ဟုတ်ကဲ့ပါဗျ” လို့ ဦးဝေဖြိုး ကျော်က ပြောပါတယ်။

ပြည်သူ့ပါတီရဲ့ ဧရာ၀တီတိုင်းအတွင်းရေးမှူးဖြစ်တဲ့ ဟင်္သာတဒေသခံ ဦးစိန်သောင်းကတော့ အခုမြေယာကိစ္စမှာ အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ဆိုပြီး တည်ဆဲဥပဒေတွေ အတိုင်းဖြစ်စေဖို့ ကူညီပေးသွားမယ်လို့ ဆိုထားပါ တယ်။