​​အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်ပွားနေချိန် အမေရိကန်နဲ့ တောင်ကိုရီးယားအကြီးစား စစ်ရေးလေ့ကျင့်မှု စတင်

 

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အထောက်အကူပြုဖို့အတွက် ဝါရှင်တန်ဟာ တောင်ကိုရီးယားမှာရှိတဲ့ စစ်လက်နက်ပစ္စည်းတချို့ကို ရွှေ့ပြောင်းနေတယ်ဆိုတဲ့ တောင်ကိုရီးယား မီဒီယာတွေရဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 ၉၊ မတ်။

 အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းမှာ အရှိန်မြင့်တက်နေတဲ့ စစ်ပွဲကို ဆင်နွှဲနေရတဲ့ တချိန်တည်းမှာပဲ မတ်လ ၉ ရက်၊ တနင်္လာနေ့မှာ တောင်ကိုရီးယားနိုင်ငံနဲ့အတူ စစ်သည်ထောင်ပေါင်းများစွာ ပါဝင်တဲ့အကြီးစား စစ်ရေးလေ့ကျင့်မှုတခုကို စတင်လိုက်ပါတယ်။

 မတ်လ ၁၉ ရက်နေ့အထိ ပြုလုပ်မယ့် Freedom Shield လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကိုရီးယားစစ်သား ၁၈,၀၀၀ ခန့် ပါဝင်မှာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးပေါင်းစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

 တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့ (USFK) ကတော့ အဆိုပါ လေ့ကျင့်မှုမှာ ပါဝင်မယ့် အမေရိကန်စစ်သားအရေအတွက်ကို အတည်မပြုသေးပါဘူး။

 အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အထောက်အကူပြုဖို့အတွက် ဝါရှင်တန်ဟာ တောင်ကိုရီးယားမှာရှိတဲ့ စစ်လက်နက်ပစ္စည်းတချို့ကို ရွှေ့ပြောင်းနေတယ်ဆိုတဲ့ တောင်ကိုရီးယား မီဒီယာတွေရဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့ကတော့ လုံခြုံရေးအကြောင်းပြချက်ကြောင့် စစ်လက်နက် ပစ္စည်းတွေရဲ့ တိကျတဲ့ရွှေ့ပြောင်းမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးနိုင်ဘူးလို့ ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။

 အမေရိကန်ရဲ့ ကြားဖြတ်ဒုံးကာစနစ်တွေနဲ့ တခြား စက်ကိရိယာတချို့ကိုအရှေ့အလယ်ပိုင်းကို ရွှေ့ပြောင်းနေတယ်ဆိုတဲ့ သတင်းတွေအပေါ်တောင်ကိုရီးယား တာဝန်ရှိသူတွေကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။

 ဒါပေမဲ့ မဟာမိတ်နှစ်နိုင်ငံရဲ့ ပူးပေါင်းကာကွယ်ရေး အနေအထားအပေါ်မှာတော့ ထူးထူးခြားခြား ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။

 အဆိုပါ အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံရဲ့  Freedom Shield လေ့ကျင့်မှုဟာ မြောက်ကိုရီးယားဘက်က ဒေါသတကြီး တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 မြောက်ကိုရီးယားဟာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ကျူးကျော်ဖို့အတွက် ဇာတ်တိုက်လေ့ကျင့်တာလို့ ကာလရှည်ကြာ သတ်မှတ်ထားပြီးဒါကို အကြောင်းပြချက်ပေးကာ သူတို့ရဲ့ စစ်အင်အားပြသမှုတွေနဲ့လက်နက်စမ်းသပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လေ့ ရှိပါတယ်။

 မဟာမိတ်တွေဘက်ကတော့ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေဟာ ကာကွယ်ရေး သဘောသဘာဝသာ ဖြစ်တယ်လို့ ပြောပါတယ်။

 မြောက်ကိုရီးယားဟာ ခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ ရဲ့ ၂၀၁၉ ခုနှစ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက်ပိုင်း ဝါရှင်တန်နဲ့ ဆိုးလ်တို့နဲ့ ဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်းထားခဲ့တာပါ။

 Freedom Shield ဟာ မဟာမိတ်တွေ နှစ်စဉ်ပြုလုပ်နေကျ ကွပ်ကဲမှုဌာနစစ်ရေးလေ့ကျင့်မှု နှစ်ခုထဲက တခုဖြစ်ပြီး နောက်တခုကတော့ သြဂုတ်လမှာ ကျင်းပတဲ့ Ulchi Freedom Shield ဖြစ်ပါတယ်။

 လေ့ကျင့်မှုတွေဟာ အဓိကအားဖြင့် ကွန်ပျူတာနဲ့ ပုံတူလုပ်ဆောင်တာဖြစ်ပြီး ပြောင်းလဲလာတဲ့ စစ်ပွဲအခြေအနေတွေနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ထည့်သွင်းကာ မဟာမိတ်တွေရဲ့ ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်ကိုစမ်းသပ်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

Ref – AP